အာဇာနည်နေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြ 

20 July 2021
အာဇာနည်နေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြ 

မနေ့တုန်းက ကျရောက်ခဲ့တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း အစဉ်အလာမပျက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် အာဇာနည်ဗိမ္မာန်မှာ ကျင်းပခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရပြီး စွဲချက်တွေတော်တော်များများနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ရောဂါကူးစက်မှုတွေကြား ကိုဗစ် ၁၉လူနာတွေအတွက် အောက်စီဂျင်ထုတ်ယူရာမှာ စစ်တပ်ဘက်က ကန့်သတ်ပိတ်ပင်တာကို ကန့်ကွက်တဲ့အနေနဲ့ လွတ်လပ်စွာ အသက်ရှုခွင့်ပေးပါ ဆိုတဲ့ စာတန်းကို ဆန္ဒပြသူတချို့ ကိုင်ဆောင်ခဲ့ကြပါတယ်။ တချို့ကလည်း အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် တနှစ်မှာပဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာကြောင့် နှစ်စဉ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း စစ်အုပ်ချုပ်ရေး လက်အောက် ကျရောက်တဲ့ နှစ်တွေမှာ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး အာဇာနည်နေ့အခမ်းအနားတွေရဲ့ ကျင်းပတဲ့ပုံစံအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီနှစ်အခမ်းအနားကတော့ နိုင်ငံရေးအခြေအနေအရရော၊ ကိုဗစ်ကူးစက်မှု ကာကွယ်ရေး စည်းမျဉ်းတွေအရရော အတတ်နိုင်ဆုံး အကျဉ်းရုံးကျင်းပတဲ့ နှစ်တွေထဲက အခမ်းအနားဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required