သစ်ခိုးထုတ်သည့်ဒေသခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးသတိပေး

သစ်ခိုးထုတ်သည့်ဒေသခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးသတိပေး

ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ပုလဲမြို့နယ်အတွင်း သစ်များ တရားမဝင်ခိုးထုတ်မှုကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးကာ သတိပေးတားဆီးကြောင်းသိရသည်။ 

ပုလဲမြို့နယ်အနောက်ဘက် ၇ မိုင်ဘက် တောထဲမှ ကျွန်းသစ်အပါအဝင်သစ်များ တင်ဆောင်လာသည့် ရွာသားနှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မနေ့က ဇူလိုင်လ ၁၈ ရက်နေ့တွင်ဖမ်းဆီးပြီး သတိပေးလိုက်ခြင်းဖြစ်ကြောင်း PPDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“ကျွန်တော်တို့က သတင်းရလို့ သွားပြီးဖမ်းတာပါ၊ ဆိုင်ကယ်နှစ်စီးနဲ့တင်လာကြတာ၊ ကျွန်းရော၊ ပန်းတောက်ကော သစ်အချောတွေ၊ နောက်ကို ဒီလိုသစ်တွေခိုးမထုတ်ဖို့ သေခြာမှာတယ်ပြီးတော့ သူတို့အမည်တွေဘာတွေသေခြာမေးပြီး မှတ်တမ်းတင်ထားပြီး ပြန်လွှတ်လိုက်တာ၊ သူတို့ကလဲ ကျွန်တော်တို့မသိလို့ပါဆိုပြီး ကောင်းကောင်းမွန်မွန်ပြောပါတယ်၊ သစ်တွေချခိုင်းပြီးပြန်လွှတ်လိုက်တာ” ဟုသူကဆိုသည်။ 

ပုလဲနယ်အတွင်း သစ်ခိုးထုတ်မှုဖြစ်ခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်တွင် သစ်များခိုးထုတ်ကာ ကားတစ်စီးဖြင့်တင်လာသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၄ ရက်တွင်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှ အဆိုပါသစ်များအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဖမ်းဆီးရမိသည့် သစ်များအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်ကျိုးရှာတယ်မထင်အောင် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။ 

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် တရားမဝင်သစ်များ ခိုးထုတ်မှုကို တားမြစ်ကန့်သတ်ခြင်းနှင့် သစ်တောများကို ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန်ချက်တစ်စောင် ဇွန်လ ၁၆ ရက်တွင်ထုတ်ပြန်ထားသည်။ 

“ပုလဲ၊ ယင်းမာပင် နှင့် ကနီ သုံးမြို့နယ်အစပ် ပြည်သူတို့အမြတ်တနိုး တန်ဖိုးထားရာ အလောင်းတော်ကဿပဘုရားနယ်မြရှိ ဘေးမဲ့ကြိုးဝိုင်းသစ်တောများအား ခိုးထုတ်နေသူများ ကျွန်ုပ်တို့တွေ့ရှိခဲ့ပါက ပစ္စည်းရော အသက်ပါအန္တရာယ်ရှိစေနိုင်ကြာင်း အသိပေးကြေငြာလိုက်သည်” ဟုထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

“ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသစ်တွေခိုးထုတ်နေတာက သယံဇာတအမွေအနှစ်တွေကို ဖျက်ဆီးရာလဲရောက်တယ်၊ နောက် စစ်ကောင်စီနဲ့ပါတ်သတ်တဲ့ သစ်တောဌာနတို့ရဲတို့ကို ပိုက်ဆံပေးပြီး လုပ်နေကြတာဆိုတော့ စစ်ကောင်စီအတွက် ဝင်ငွေပေးနေသလိုလဲဖြစ်တယ်၊ ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုင်ပင်ပြီး သစ်ခိုးထုတ်တာတွေကို ဖမ်းဖို့နဲ့ တားဆီးဖို့ ဆုံးဖြတ်ဖြစ်တာပါ” ဟုPPDF အဖွဲ့ဝင် ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required