မြောက်ဒဂုံက ကိုဗစ်ကာကွယ်ရေး ပြည်သူ့အကျိုးပြုရုံး စီးနင်းခံရပြီး ပရဟိတဆရာဝန် ၅ ဦး ဖမ်းဆီးခံရ

မြောက်ဒဂုံက ကိုဗစ်ကာကွယ်ရေး ပြည်သူ့အကျိုးပြုရုံး စီးနင်းခံရပြီး ပရဟိတဆရာဝန် ၅ ဦး ဖမ်းဆီးခံရ

ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကို အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ပရဟိတ စေတနာ့ဝန်ထမ်း ဆရာဝန် ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်က လူနာတစ်ဦး အောက်ဆီဂျင်ကျပြီး အရေးပေါ်ဖြစ်နေတာကြောင့် လာရောက် ကြည့်ရှုပေးဖို့ ဒီနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ အဖွဲ့ကို ဖုန်းဆက်ခေါ်တဲ့အတွက် မြေပြင်ကုသရေး ဆရာဝန် သုံးဦးက သွားရောက်ခဲ့ရာ တိုက်ခန်းကို ရောက်ရှိစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ ထောင်ချောက် ဆင် ဖမ်းဆီးမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ကျန်ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန်နှစ်ဦးကတော့ အွန်လိုင်းကနေတစ်ဆင့် ကုသရေးလမ်းညွှန်ပေးနေတဲ့ ဆရာဝန်တွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက ရုံးခန်းကို လာရောက်စီးနင်းစဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက “ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာပါ။ လူနာရှိတယ်ပေါ့၊ ကုသပေးဖို့ခေါ်တယ်။ ဟိုရောက်တော့ မဟုတ်ဘူးပေါ့နော်။ အဲမှာခေါ်ပြီးတော့ ဆရာဝန်တွေကို ပိတ်ဖမ်းလိုက်တာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။

အဲဒီလို မြေပြင်ကုသရေး ဆရာဝန်သုံးဦး ထောင်ချောက်ဆင် ဖမ်းဆီးခံရတဲ့အကြောင်း Volunteer ကားမောင်းပို့သူက ရုံးကိုပြန်လာပြီး အကြောင်းကြားတဲ့အတွက် ကျန်တဲ့ဆရာဝန်တွေ ရုံးကထွက်ခွာဖို့ ပြင်ဆင်နေစဉ် အာဏာသိမ်း စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရုံးစီးနင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင်ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် ပြည်သူတွေ လှူဒါန်းထားတဲ့ ဆေးဝါးနဲ့ အထောက်အကူပြု ပစ္စည်းတွေဖြစ်တဲ့ PPE၊ အောက်ဆီဂျင်အိုးနဲ့ ဆေးပုံးတွေကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပါတယ်။

“ဒါက ကျွန်တော်တို့ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်တဲ့အပေါ်မှာ ဒါမျိုး လုံးဝမလုပ်သင့်ဘူးလို့ မျှော်လင့်တယ်။ ပြည်သူလူထုအချင်းချင်းကိုပဲ အပြန်အလှန်ကူညီဖေးမ စောင့်ရှောက်ပေးနေတာပေါ့နော်”လို့ အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့  ပရဟိတ ဆရာဝန် ငါးဦးကို ဘယ်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ အကျိုးပြု ရုံးကိုလည်း လက်ရှိမှာ ခေတ္တယာယီပိတ်ထားရတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု အလုပ်တွေလုပ်ဆောင်ဖို့ လူငယ်တွေက ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ဒဂုံ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ကို ပြီးခဲ့တစ်လလောက်က စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required