( ဆောင်းပါး) တိတ်ဆိတ်နေသော အာဇာနည်နေ့တစ်နေ့

( ဆောင်းပါး) တိတ်ဆိတ်နေသော အာဇာနည်နေ့တစ်နေ့

ဇူလိုင် ၁၉

ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ အရင်နှစ်တွေပိုင်းက အာဇာနည်နေ့တွေနဲ့မတူ အတော်လေး တိတ်ဆိတ်ငြိမ်သက်လွန်းနေပါတယ်။ စစ်အာဏာသိမ်းလိုက်ရင် ဘယ်လိုဖြစ်သွားမှာလဲဆိုတာရဲ့ ပြယုဒ်တစ်ခုပါပဲ။

ဆူးလေစေတီတစ်ဝိုက်နဲ့ မြို့တော်ခန်းမတွေကို သံဆူးကြိုးတံတိုင်းတွေနဲ့ ကာရံတားဆီးထားပြီး မဟာဗန္ဓုလပန်းခြံဟာ ခြောက်ကပ်နေပါတယ်။

သို့သော်လည်း ဗိုလ်ချုပ်တို့ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်မှာတော့ ကားဟွန်းသံတွေ ပေါ်ထွက်လာခဲ့ပြီး မြို့လယ်တစ်ဝိုက်မှာ အာဇာနည်တွေကို ဂုဏ်ပြုလိုက်ကြပါတယ်။

အာဇာနည်တွေကျဆုံးခဲ့တဲ့ အတွင်းဝန်ရုံးနေရာ ပတ်ပတ်လည်ကိုလည်း ရဲလုံခြုံရေးတွေချထားတာကို တွေ့ရပါတယ်။ တိုးကြိတ်နေတဲ့ လူအုပ်ကြီးတွေကိုတော့ မတွေ့ရတော့ပါဘူး။ အတွင်းဝန်များရုံးဟာ ငုတ်တုတ်ထိုင်ကာ မောပန်းနေဟန် ရှိပါတယ်။ ဗိုလ်ချုပ်ကို လွမ်းဆွတ်တမ်းတနေကြတဲ့ ပြည်သူတွေ အလေး မပြုရတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ရပြီမဟုတ်ပါလား။ 

အရင် ပဲပြုတ်နဲ့ နံပြားတွေ ဖောဖောသီသီကျွေးကြတဲ့ ရန်ကုန်မြို့လယ်က ပုံရိပ်တွေဟာ အခုတော့ အိမ်မက်အလား လွင့်ကြွေပပျောက်သွားကြပါပြီ။ အာဇာနည်နေ့ သီချင်းသံတွေက ဘယ်ဆီကို ခရီးနှင်ထွက်သွားကြပါလိမ့်။ အထီးကျန်ဆန်လွန်းလှတဲ့ ဒီလိုနေ့တွေကို ဘယ်အချိန်ထိ ဖြတ်သန်းကြရအုံးမှာလဲဆိုတာ သိသူရှိပါရဲ့လား။

အတွင်းဝန်များရုံးသာ မကပါဘူး၊ ဗိုလ်ချုပ်ပြတိုက်ပါ လော့ဂ်ဒေါင်းကျခံနေရချိန်လည်း ဖြစ်ပါတယ်။ ရှေ့နှစ်တုန်းက ကိုဗစ်အ‌ခြေအနေတွေကြောင့် ဗီဒီယိုစနစ်နဲ့ တိုက်ရိုက်ကြည့်ရှု့ခဲ့ရတဲ့ ဗိုလ်ချုပ်ပြတိုက်ဟာ အခုတော့ အကျယ်ချုပ်ဘဝရောက်နေသလိုပါပဲ။

မြို့သူမြို့သားတွေ သိန်းနဲ့ချီပြီးလာအလေးပြုလေ့ရှိတတ်တဲ့ အာဇာနည်ကုန်းဟာ အခမ်းအနားကျင်းပသူတွေကလွဲရင် လူသူကင်းမဲ့နေပါတယ်။ အာဇာနည်ကုန်းရဲ့ ဥဩဆွဲသံက ချီတက်အလေးမပြုတဲ့ကျွန်တော်တို့ကိုများ အပြစ်‌ဖို့လေမလား။ မတတ်နိုင်ဘူး၊ ခွင့်လွှတ်ပေးဖို့ အသနားခံရမှာပဲ။ ပြည်သူတွေကို နားလည်မယ်လို့ ယုံကြည်ပါတယ် ဥဩသံရေ။

ပြည်သူတွေ ဒီနေ့အလေးမပြုခဲ့ရတဲ့ကျိမ်စာက စစ်အာဏာရှင်တွေအတွက် အနှောင်းမလှတဲ့အခြေအနေတစ်ခု ဖြစ်မယ်ဆိုရင် တန်ပါတယ်ဗိုလ်ချုပ်။ ပြည်သူတွေအားလုံး လာမယ့်နှစ်မှာ ဒီနှစ်အစား အတိုးချလုပ်ခွင့်ပြုပါလို့ ဆုတောင်းလိုက်ပါတယ်။ ရန်ကုန်မြို့ကြီး အချုပ်အနှောင်ဘဝက အမြန်ဆုံး ပြန်လွတ်မြောက်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly