အိန္ဒိယမှာ မုတ်သုံမိုးကြီးပြီး မြေပြိုမှုနဲ့ တံတိုင်းပြိုကျမှုတို့ကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး

အိန္ဒိယမှာ မုတ်သုံမိုးကြီးပြီး မြေပြိုမှုနဲ့ တံတိုင်းပြိုကျမှုတို့ကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး
Photo - AFP

ဇူလိုင် ၁၈

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ မုတ်သုံမိုးကြီးပြီး မြေပြိုမှုနဲ့ အုတ်တံတိုင်းပြိုကျမှုတွေ ဖြစ်ခဲ့တာကြောင့် နေအိမ်အချို့ ပိမိပျက်စီးခဲ့ပြီးနောက် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁၈ ရက် မနက်အစောပိုင်းက ချမ်ဘာ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်မှာ သစ်ပင်ကြီးတစ်ပင် လဲကျရာကနေ အုတ်တံတိုင်းတစ်ခုကို ပြိုကျစေခဲ့ရာမှာ အနီးအနားရှိ ဒေသခံတွေကို ပိမိဖုံးလွှမ်းသွားခဲ့တာဖြစ်တယ်လို့ အမျိုးသား ဘေးဒုက္ခဆိုး တုံ့ပြန်‌ရေးအဖွဲ့ (NDRF) က ပြောပါတယ်။

အပျက်အစီး အစုအပုံတွေထဲကနေ အလောင်း ၁၇ လောင်း ပြန်ရှာတွေ့ထားကြောင်း ယင်းက ပြောပါတယ်။ ကယ်ဆယ်‌ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ အလောင်းတွေ ထပ်ရှိမရှိ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။

အလားတူ မွမ်ဘိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ဗစ်ခ်ရိုလီ  ဆင်ခြေဖုံးအရပ်မှာလည်း ဇူလိုင် ၁၈ ရက်က မြေပြိုမှုတစ်ခုကြောင့် အိမ်ငါးလုံး ပိမိခဲ့ပြီး လူ ခြောက်ဦး သေဆုံးခဲ့ကြောင်း NDRF က ပြောပါတယ်။

အိန္ဒိယရဲ့ ဇွန်လနဲ့ စက်တင်ဘာလအကြား မုတ်သုံရာသီအတွင်း အဆောက်အအုံ ပြိုကျမှုတွေ ဖြစ်ပွားနေကျ ဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းတဲ့အချိန်တွေမှာ သက်တမ်းကြာပြီး ခနော်နီခနော်နဲ့ အဆောက်အအုံတွေ ပြိုကျထားခဲ့ပါတယ်။

လူဦးရေ သန်း ၂၀ ခန့် ရှိတဲ့ မွမ်ဘိုင်းမြို့ကတော့ ဇူလိုင် ၁၇ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိနေခဲ့ပြီး ဒေသသယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေအပေါ် သက်ရောက်မှုတွေ ရှိထားခဲ့ပါတယ်။

လာမယ့်နှစ်ရက်အတွင်း မိုးအသင့်အတင့် ရွာသွန်းမှုကနေ မိုးကြီးမှုတွေ ရှိလိမ့်မယ်လို့ အိန္ဒိယ မိုးလေ၀သဌာနက ဇူလိုင် ၁၈ ရက်မှာ ခန့်မှန်းထားပါတယ်။

ခုလိုမျိုး မြေပြိုမှုကြောင့် သေဆုံးမှုတွေအတွက် ၀မ်းနည်းမိကြောင်းနဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ထောက်ပံ့ကြေး ပေးအပ်သွားမှာဖြစ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီက တွစ်တာမှာ ရေးခဲ့ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly