ဥရောပအနောက်ပိုင်း ရေလွှမ်းမိုးမှုများအတွင်း သေဆုံးသူ ၁၈၀ ကျော်အထိ မြင့်တက်

ဥရောပအနောက်ပိုင်း ရေလွှမ်းမိုးမှုများအတွင်း သေဆုံးသူ ၁၈၀ ကျော်အထိ မြင့်တက်
Photo - AFP

ဇူလိုင် ၁၈

ဥရောပအနောက်ပိုင်းမှာ မိုးရေချိန်များပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ယခုအခါ ၁၈၃ ဦးအထိ ရှိလာခဲ့ပြီး  လူပေါင်းဒါဇင်များစွာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ကြည့်ရှုဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ဆုံဖို့အတွက် ဂျာမနီ၀န်ကြီးချုပ် အန်ဂျလာ မာကဲလ်ဟာ ဇူလိုင် ၁၈ ရက်မှာ ရေဘေးသင့် ဧရိယာတွေဆီ ကိုယ်တိုင် သွားရောက်ဖို့ လုပ်ဆောင်ပါတယ်။

ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာ အဆိုးရွားဆုံး ရေဘေးသင့် ‌ဒေသနှစ်ခုအနက် တစ်ခုဖြစ်တဲ့ ရိုင်းလန်း-ပယ်လက်တီနိတ် ပြည်နယ်က ရှုဒ် ကျေးရွာကို ၀န်ကြီးချုပ် မာကဲလ် သွား‌ရောက်ဖို့ စီစဥ်ထားပါတယ်။

ဂျာမနီ အနောက်ပိုင်းမှာတော့ အာရ် မြစ် ရေလျှံမှုဖြစ်ရာကနေ နေအိမ်တွေကို ရေလွှမ်းမိုးခဲ့ပြီး လမ်းတွေပေါ်မှာ အပျက်အစီး အစုအပုံတွေဖြစ်စေခဲ့ပါတယ်။

ဂျာမနီ နိုင်ငံရဲ့ အဆိုးရွားဆုံး ရေကြီးမှုတွေကြောင့် ဇူလိုင် ၁၄ ရက်နောက်ပိုင်း လူ ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတစ်ဦးက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

ရိုင်းလန်း- ပယ်လက်တီနိတ် ပြည်နယ်တစ်ခုတည်းမှာတင် သေဆုံးသူ ၁၁၀ ဦးနဲ့ ဒဏ်ရာရသူ ၆၇၀ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အိမ်နီးချင်း ဘယ်လ်ဂျီယံနိုင်ငံမှာ လူပေါင်း ၂၇ ဦးထက်မနည်း ရေကြီးမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နိုင်ငံ နှစ်နိုင်ငံစလုံးမှာ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကြားထဲကနေ သေဆုံးသူတွေကို ရှာတွေဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။

ခုလိုမျိုး သမိုင်း၀င် ရေကြီးမှုဒဏ်ကို ဆွစ်ဇာလန်၊ လူဇင်ဘာ့ဂ်နဲ့ နယ်သာလန်နိုင်ငံတို့မှာ တွေ့ကြုံခံစားခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly