ဒလိုင်းလားမား တိဘက်သို့အလည်သွားရန် တရုတ်က ခွင့်ပြုပါက ဆွေးနွေးပွဲပြုလုပ်ရန်ဖြစ်နိုင်ခြေရှိကြောင်း ပြည်ပရောက် တိဘက်သမ္မတ ပြောကြား

ဒလိုင်းလားမား တိဘက်သို့အလည်သွားရန် တရုတ်က ခွင့်ပြုပါက ဆွေးနွေးပွဲပြုလုပ်ရန်ဖြစ်နိုင်ခြေရှိကြောင်း ပြည်ပရောက် တိဘက်သမ္မတ ပြောကြား

ပြည်ပရောက်တိဘက်အစိုးရသမ္မတ ပန်ပါ ဆာရင်းက ဒလိုင်းလားမားအား တိဘက်သို့ ဘုရားဖူးသွားရန် တရုတ်က ခွင့်ပြုပါက ဆွေးနွေးပွဲပြုလုပ်ရန်ဖြစ်နိုင်ချေရှိကြောင်း ဇူလိုင်လ ၁၄ရက်က အရိပ်အမြွက်ပြောကြားခဲ့သည်။

“ဆရာတော်က တရုတ်ကို အလည်သွားချင်နေပါတယ်။ သူ့မွေးရပ်မြေနဲ့ တိဘက်မြို့တော်လာဆာကိုလဲ သွားချင်ပါတယ်။ ဖြစ်နိုင်ချေက တရုတ်အစိုးရပေါ်မူတည်နေပြီး ကျွန်တော်တို့ ဆုံးဖြတ်လို့မရပါဘူး” ဟု ပြည်ပရောက်တိဘက်အစိုးရသမ္မတ ပန်ပါ ဆာရင်းက ANI သို့ ပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော်တို့က မေတ္တာရပ်ခံနေတာပါ။ အလုပ်ဖြစ်သွားရင် အစည်းအဝေးတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအစည်းအဝေးက တိဘက်အတွက် အကြမ်းမဖက်တဲ့ ရေရှည်ဖြေရှင်းချက်နဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်သဘောတူညီချက်နဲ့ တရုတ် - တိဘက်ပဋိပက္ခရဲ့ အနာဂတ် ဖြေရှင်းမှုအတွက် လမ်းပြမြေပုံတစ်ခုဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ထပ်လောင်းဆိုသည်။

“ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ရှင်သန်နေစေရပါမယ်။ တရုတ်က အခု ဘယ်လို တွေးနေတယ်၊ အတိတ်ကာလက ဘယ်လိုပဲ တွေးခဲ့ပါစေ တရုတ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ဖို့က အလွန်အရေးကြီးပါတယ်။ တရုတ်အစိုးရဆီရောက်ဖို့ ကျွန်တော်တို့ဘက်ကနေ တက်နိုင်သမျှ အကောင်းဆုံး လုပ်ပြီး ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိသွားအောင်လုပ်မှာပါ” ဟု သူက ထပ်မံဆိုသည်။

“တရုတ်အစိုးရက အခြေအတွေကို သုံးသပ်လွယ်အောင် ကျွန်တော်တို့က ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းချပြသွားမှာဖြစ်ပြီး ဒီအပေါ်မူတည်ပြီး တရုတ်အစိုးရက အပြုသဘောတုံ့ပြန်မလား ဒါမှမဟုတ် ဒီအတိုင်းထားလိုက်မလားဆိုတဲ့အပေါ် အခုမူတည်နေပါတယ်” ဟု သူက ဆိုသည်။

ယခုအချိန်ထိ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းမရှိသေးကြောင်းလည်း သူက ပြောကြားခဲ့သည်။

"၂၀ဝ၂-၂၀၁၀ ပြည့်နှစ်အထိ ၈ ကြိမ်တိတိဆွေးနွေးမှုနဲ့ အလွတ်သဘောတွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။ အခုထိတော့ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းတွေ မရှိသေးပါဘူး။ ပုဂ္ဂလိကရုံးကနေ ဒါမှမဟုတ် ကျွန်တော့်ဆီကနေ တစ်ဆင့် တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေရှိပါတယ်" ဟု ပြည်ပရောက်တိဘက်အစိုးရသမ္မတ ပန်ပါ ဆာရင်းက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly