ဝါရင့်တော်လှန်ရေးသမား ဦးလှရွှေကွယ်လွန်သည့်အပေါ် အမှတ်တရ ဝမ်းနည်းစကား

ဝါရင့်တော်လှန်ရေးသမား ဦးလှရွှေကွယ်လွန်သည့်အပေါ် အမှတ်တရ ဝမ်းနည်းစကား

ဇူလိုင် ၁၆

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေသည် ကိုဗစ်-၁၉ ရောဂါကြောင့်  ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်တွင် ကွယ်လွန်သွားသည်။ 

“ အဖေ ဆုံးသွားပါပြီ။ နောက်ဆုံးလက်ကျန် အောက်ဆီဂျင်လေးပြတ်သွားတာနဲ့ ၊  စစ်အာဏာရှင်ကို သေတဲ့အထိ ဆန့်ကျင်သွားခဲ့ပါပြီး ။ အဖေကို အလေးနီပြု ပါတယ်။ “ ဟု ဦးလှရွှေ ၏ သမီးဖြစ်သူ မနေခြည် က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားသည်။ 

ဦးလှရွှေဟာ ၁၉၆၀-၆၁ အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်း တစ်ဦးလည်းဖြစ်သည်။

 “၆၂ မျိုးဆက်ရဲ့တက်ကြွသူ ရှေ့မှီနောက်မှီ လေးစားရသည့် ကျောင်းသားခေါင်းကြီးတဦးဖြစ်သည့်အတွက် အထူးဝမ်းနည်း နှမြောတသခြင်း ဖြစ်ရပါတယ်။ ၆၂ ဂျူလိုင် ၇ ရက်နေ့ အတွေ့အကြုံကိုပြောပြနိုင်သည့် သက်ရှိနောက်ဆုံးကျန်ရှိနေသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည့်အတွက် သက်ရှိသမိုင်း စာမျက်နှာတစ်ခုဆုံးရှုံးရခြင်း “ ဟု ၁၉၇၄ ကျောင်းသားမျိုးဆက် မှာ ဦးထွန်းအောင်ကျော်က ဆိုသည်။

ဦးလှရွှေသည် (၆) ကြိမ်မြောက် ဗကသများအဖွဲ့ချုပ်ညီလာခံမှ ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူးဟောင်း တဦးလည်းဖြစ်သည်။ 

“ ကျောင်းသားဘဝကနေ နောက်ဆုံးအချိန်အထိအာဏာရှင်ကို ဆန့်ကျင်ရပ်ခံခဲ့သူပါ။ မိသားစုဘဝ လူမှုရေးဘဝတွေ ကိုရင်းပြီးနိုင်ငံရေးယုံကြည်ချက်ကို နောက်ဆုံးအချိန်အထိ မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကနေ မြေပေါ်ရောက်တဲ့အခါမှာလဲ ရန်သူ့ဖိနှိပ်မှုယန္တရားအမျိုးမျိုးကို ကြံ့ကြံ့ခံတိုက်ပွဲဆင်ရင် ဗကသများအဖွဲ့ချုပ် ရဲ ရပ်ခံမှုကိုလဲ လက်ဆင့်ကမ်းခဲ့သူပါ။  အခုအဘဦးလှရွှေကျဆုံးရတာ ကလဲ စစ်ကောင်စီကကပ်ရောဂါကို လက်နက်သဖွယ်အသုံးချလို့ ပဲဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရအောင် ဆက်ပြီးတော့အံ့တု တိုက်ပွဲဝင်သွားဖို့ဂတိပြုပါတယ်။ အဝေးကနေ လေးမြတ်စွာ အလေးပြုပါတယ် “ ဟု ဗကသများအဖွဲ့ချုပ်မှ ကိုမိုးထက်နေ က ဆိုသည်။

ဦးလှရွှေဟာ ၁၉၅၃ မှစတင်ကာ ကျောင်းသားလှုပ်ရှားမှုအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်အုပ်စုက အာဏာသိမ်းသည်ကို ဆန့်ကျင်ဆန္ဒပြသသည့် ကျောင်းသားများတွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ 

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) က “ ဆရာဦးလှရွှေ  ၏ ဂုဏ်ရောင်ပြေကာင်သော တိုက်ပွဲဝင် စိတ်ဓာတ်ကို အလေးအမြတ်ပြုရင်း မပြီးဆုံးသေးသည့် စစ်အာဏာရှင်တော်လှန်ရေးအား ဆုံးခန်းတိုင်အောင် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါတယ် “ လို့ သတင်းထုတ်ပြန်ခဲ့ သည်။

“ ဘဝသက်တမ်းကုန်ဆုံးတဲ့အထိ ဖက်ဆစ်စနစ်ကို၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ဦးလှရွှေရဲ့ ဂုဏ်ရောင်ပြောင်တဲ့၊ မဖောက်ပြန်တဲ့ ရပ်တည်ချက်အပေါ်၊ လုပ်ရပ်အပေါ် ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ က အလေးအမြတ်ပြုပါတယ်။ ဖက်ဆစ် စနစ် ဟာ ကျနော်တို့ တိုင်းပြည် ဖိနှိပ်လွန်းတာ အားလုံးအသိပဲဖြစ်တယ်။ အခုလည်း ကျနော်တို့ဟာ ဖက်ဆစ်စနစ်ဆိုးရဲ့ ရိုက်ခတ်မှုကြောင့် ဦးလှ‌‌ရွှေကို ဆုံးရှုံးခဲ့ရတာဖြစ်တယ်။ ဦးလှရွှေဟာ အဖိနှိပ်လူထုခံလွတ်မြောက်ရေးတိုက်ပွဲကို တိုက်ခဲ့တာဖြစ်သလို ကျနော်တို့ဟာလည်း ဒီအမွေကိုဆက်ခံပြီး လက်ရှိနွေဦးတော်လှန်ရေးမှာ သမဂ္ဂအလံတော်ကို အမြင့်ဆုံးလွှင့်ထူသွားမှာဖြစ်တယ်။ မယိုင်လဲတဲ့ရပ်တည်ချက်နဲ့ ဖက်ဆစ်တိုက်ဖျက်ရေး တာဝန်တွေကို ဆက်လက် သယ်ဆောင်သွားမှာဖြစ်တယ် “ ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ဆိုသည်။

ဆက်လက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ  ဥက္ကဋ္ဌ ကိုမင်းဟန်ထက် က “ နှစ်တိုင်း ဘဘရှိသွားပြီးသြဝါဒတွေ ခံယူကြတယ်။ တော်လှန်ရေးဖြတ်သန်းမှုအစဉ်အလာတွေကိုနားထောင်ကြတယ်။ ကျွန်တော်တို့မျိုးဆက်တွေက ကျောင်းသား သမဂ္ဂထဲရောက်လာရင် မျိုးဆက်အသီးသီးက ဦးလှရွှေ ၊ ဦးမင်းကိုနိုင် စသည့် မျိုးဆက်တွေနဲ့တွေ့ပြီးတော့ ကျောင်းသားသမဂ္ဂတွေရဲ့ ကိုယ့်ကိုယုံကြည့်မှု  ယူကြရပါတယ်။ ဒီတော်လှန်ရေးကာလအတွင်းမှာ ဖြစ်ပေါ်လာမဲ့ကျောင်းသား သမဂ္ဂမျိုးဆက်တွေအတွက် အင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုကြီး တစ်ခုပါပဲ။ တော်လှန်ရေးနဲ့ပတ်သက်တဲ့သတင်းစကား ၊ အတွေးအခေါ်တွေ ၊ အစဉ်အလာတွေကို မသိရတော့ဘူး “ ဟု ဆိုသည်။

 ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့တို့က  “ မိသားစုဝင်များ၊ ရဲဘော်များနှင့်ထပ်တူဝမ်းနည်းရပြီး စစ်အာဏာရှင်အား သက်ဆုံးတိုင်ဆန့်ကျင်ခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေအား အလေးနီ်ပြုပါတယ် “ဟု  သတင်းထုတ်ပြန်ခဲ့သည်။

အောင်သာ (PPP) ဟူသော ကလောင်အမည်ဖြင့် နိုင်ငံရေးစာပေ ဆောင်းပါးများရေးသားလေ့ရှိသူ ဦးလှရွှေသည် အသက်မဆုံးပါးခင်အချိန်ထိ  ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ နှင့် ရင်းနှီးစွာနေလေ့ ရှိပြီး ၎င်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများကို ပြောဆိုလေ့ရှိသည်။

“ ကျောင်းသားသမဂ္ဂစလုပ်ကတည်းက ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့ သမိုင်းတွေအကုန်လုံး နဲ့ပတ်သက်ပြီး ဘဘ နဲ့သွားတွေ့တယ်။ ကျောင်းသားသမဂ္ဂအသစ်တွေ ဝင်လာရင်လည်း ဘဘဦ်းလှရွှေ ဆီခေါ်သွားပါတယ်။ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေ ဘဘရှိလာပြီးတော့ စကားပြောရင် ဘဘအများကြီး စိတ်သက်သာရာရပါတယ်။ ပျော်ရွှင်ရပါတယ်။ တကယ်တော့ ဘဘဦးလှရွှေက သက်ရှိသမိုင်း တစ်ခုပါ။ အခုကတော့ သက်မဲ့ဖြစ်သွားပြီးပေါ့ ။ ဘဘ ဆုံးပါးသွားတဲ့အတွက်ကြောင့် လုံး၀ စိတ်မကောင်းဖြစ်မိပါတယ် “ ဟု တကသ ကျောင်းသားဟောင်းတစ်ဦး ဖြစ်တဲ့ကိုပိုင်ရဲသူက ဆိုသည်။

စစ်အာဏာရှင်ကို ဒူးမထောက် အညံ့မခံ  တော်လှန်ခဲ့သူ ဦးလှရွှေသည် ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly