အင်ဒိုနီးရှားက တရုတ်ကာကွယ်ဆေးများ ပြည်သူသို့ ရောင်းချခြင်းကို ဝေဖန်မှုများကြောင့် ရပ်ဆိုင်း

အင်ဒိုနီးရှားက တရုတ်ကာကွယ်ဆေးများ ပြည်သူသို့ ရောင်းချခြင်းကို ဝေဖန်မှုများကြောင့် ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးကုမ္ပဏီတစ်ခုက တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို အများပြည်သူသို့ တိုက်ရိုက် ရောင်းချမည့် အစီအစဉ်သည် ငွေကြေးမတတ်နိုင်သူများ ဆေးထိုးခွင့် မရစေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ဝေဖန်ပြောကြားလာသဖြင့် ကုမ္ပဏီက ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။

အင်ဒိုနီးရှားတွင် နိုင်ငံသားအားလုံးကို အခမဲ့ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းလည်း ကတိပြုထားသည်။

လူနေထူထပ်သော ဂျာဗားကျွန်းတစ်ဝိုက်ရှိ နေရာတစ်ချို့တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလုနီးပါး ဖြစ်ပွားနေစဉ် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံငံပိုင်ဆေးဝါးကုမ္ပဏီ Kimia Farma က Sinopharm ကာကွယ်ဆေးအကြောင်းကို အများပြည်သူများအား ပိုမိုရှင်းပြရန် အချိန်ကို ဆိုင်းငံ့ထားလိုက်ကြောင်း ဇူလိုင်လ ၁၂ရက်က ပြောကြားခဲ့သည်။

“ စိတ်ဝင်စားမှု များပြားပေမယ့် လောလောဆယ်တော့ ဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်” ဟု အစိုးရပိုင်ကုမ္ပဏီခွဲတစ်ခုဖြစ်သော Kimia Farma Apotek ၏ ပြောရေးဆိုခွင့်ရှိသူ နိုဗီရာ ဗယ်လင်တိုင်းက ပြောကြားခဲ့သည်။

ဆေးနှစ်ကြိမ်ထိုးရန်အတွက် ဒေါ်လာ ၆၀.၅၃ ဖြင့် ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားသော ယင်းအစီအစဉ်သည် လူများတွင် ခုခံအားစနစ်ကို ရရှိသွားစေနိုင်ကြောင်း ကုမ္ပဏီက ယခင်က ပြောကြားထားသည်။

သို့သော် ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ငွေမတတ်နိုင်သူများအား အခမဲ့ကာကွယ်ဆေးများပေးရန် ဦးစားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားတွင် Sinopharm ကာကွယ်ဆေးကို အစီအစဉ်တစ်ခုဖြင့် ရရှိစေပြီးဖြစ်ကာ ပုဂ္ဂလိကကုမ္ပဏီများမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးရန် ခွင့်ပြုသည့်အစီအစဉ်အရ ကုမ္ပဏီများကို ခွင့်ပြုပြီးဖြစ်သည်။

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂ ဒသမ၅ သန်းရှိပြီး စုစုပေါင်း ၆၄၀ဝဝ သေဆုံးပြီးဖြစ်ရာ အာရှတွင် ရောဂါပိုးကူးစက်ခံရမှုဖြစ်ပွားသည့် အဆိုးဆုံးနိုင်ငံများတွင် ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required