လူမျိုးတုန်းသတ်ဖြတ်မှုအစီရင်ခံစာတွင် တရုတ်၊ မြန်မာနှင့် အီသီယိုးပီးယားတို့ကို အမေရိကန် ထည့်သွင်း

လူမျိုးတုန်းသတ်ဖြတ်မှုအစီရင်ခံစာတွင် တရုတ်၊ မြန်မာနှင့် အီသီယိုးပီးယားတို့ကို အမေရိကန် ထည့်သွင်း

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှင်ကျန်းပြည်နယ်တွင် တရုတ်အစိုးရက ဝီဂါမွတ်စလင်များနှင့် အခြား လူနည်းစုများကို ဖိနှိပ်မှုများကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ဇူလိုင်လ ၁၂ ရက်တွင် အသစ်ထပ်မံထုတ်ပြန်လိုက်သည်။

အီရီထရီယား၊ အီသီယိုးပီးယား၊ မြန်မာနှင့် တောင်ဆူဒန်တို့ကိုလည်း ပဋိပက္ခများအတွင်း လူမျိုးစုရှင်းလင်းမှုများအတွက် ထပ်မံ ပိတ်ဆို့မှုများ ပြုလုပ်ခံရနိုင်သည်ဟု သတိပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် ယင်းကဲ့သို့ ဖြစ်ပွားနေမှုများကို ကာကွယ်ရန်နှင့် ရပ်တန့်စေရန် ပြုလုပ် နေသည့် အနှစ်ချုပ်လုပ်ငန်းစဉ်များကို ဖော်ပြရန် အမေရိကန်ဗဟိုအစိုးရအား တောင်းဆိုထားသည့် ကွန်ဂရက်သို့ ပေးပို့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရက်စက်ယုတ်မာမှုတားဆီးရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာထုတ်ပြန်ချက်တွင် အစိုးရအဖွဲ့က ယခုကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

"အမေရိကန်အစိုးရက ကမ္ဘာတစ်ဝန်းလုံးမှာ လူ့အခွင့်အရေကိစ္စရပ်တွေကို ခုခံကာကွယ်ပေးမှာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများကို ကာကွယ်ခြင်းက အမျိုးသားလုံခြုံရေးအကျိုးစီးပွားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အဓိကတာဝန် တစ်ခုဖြစ်ကြောင်း မှတ်ယူထားသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝီဂါလူမျိုးစုများဒေသတွင် တရုတ်၏ လုပ်ဆောင်ချက်များသည် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်သည်ဟု အမေရိကန်က ဆက်လက်မှတ်ယူထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းတွေ့ရှိချက်များကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ပထမဆုံးအကြိမ်ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းတွင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်စလင်များအား လူမျိုးစုရှင်းလင်းခြင်း လုပ်ဆောင်နေသည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

“ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရှင်ကျန်းပြည်နယ်တွင် မွတ်စလင်အများစုဖြစ်သော ဝီဂါလူမျိုးများနှင့် အခြားတိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစု အုပ်စုများကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ယခင်အစိုးရ၏ ပြောကြားချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းက ထပ်ခါတလဲလဲ အတည်ပြုခဲ့သည် " ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းရာဇဝတ်မှုများတွင် ထောင်သွင်းအကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မသားကြောဖြတ်ခြင်းနှင့် ဖိနှိပ်မှုများပါဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။ ရက်စက်ကြမ်းကြုတ်မှုအတွက် သမ္မတဟောင်း ထရမ့်အစိုးရလက်ထက်မှ စီးပွားရေးပိတ်ဆို့မှုများကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ဆက်လက် ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အန္တရာယ်ရှိနေဆဲဖြစ်သည်ဟု ဖော်ပြ ထားသည်။ ဖေဖော်ဝါရီလက အာဏာသိမ်းမှုပြီးနောက် အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုများအပါအဝင်ဖိနှိပ်မှုအားလုံးကို ရပ်တန့်စေရေးအတွက် အမေရိကန်အစိုးရသည် မဟာမိတ်များ၊ မိတ်ဖက်များနှင့် ဆက်လက်ညှိနှိုင်းပြီး စစ်အစိုးရကို ဖိအားပေးဆောင်ရွက်သွားရမည်ဟုလည်း ဖော်ပြ ထားသည်။

အီသီယိုးပီးယားအနောက်ပိုင်းရှိ တီဂရေးဒေသတွင် အတိုက်အခံများကို ဖိနှိပ်ပြီး လူမျိုးစု ရှင်းလင်းခြင်း ပြုလုပ် နေသည့်အတွက် အီရီထရီယားနှင့် အီသီယိုးပီးယားတို့အနေဖြင့် တာဝန်ယူရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly