ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန် မိန်းကလေးကျောင်းတွင် လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်

By Dawn
16 July 2021
ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန် မိန်းကလေးကျောင်းတွင် လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်
File photo

ပါကစ္စတန်နိုင်ငံ၊ မြောက်ဝါဇီရစ္စတန်ခရိုင်၊ ဟိုင်ဒါခယ်နယ်မြေရှိ မိန်းကလေး ကျောင်းတစ်ကျောင်း၌ စာမေးပွဲ ဖြေဆိုနေစဉ် ဇူလိုင် ၁၂ ရက်က ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရရခြင်း မရှိခဲ့ပေ။

လူဆိုးများက အစိုးရမိန်းကလေး အထက်တန်းကျောင်းရှိ လုံခြုံရေး ကင်းအဆောက်အဦအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးကို ပစ်ထည့်ခဲ့ကြောင်း ရဲများက ထုတ်ပြန်ခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ကင်းအဆောက်အဦအတွင်း၌ အစောင့်မရှိကြောင်းနှင့် လူဆိုးများသည် နယ်မြေအတွင်း အနှောက်အယှက်ပေးရန် ကျောင်းကို ပစ်မှတ်ထားခဲ့ကြောင်း ခရိုင်ရဲအရာရှိ ရှာဖူလားဂန်ဒါပါက မီဒီယာများကို ပြောကြားသည်။

ကျယ်လောင်သည့် ပေါက်ကွဲသံကြားချိန်တွင် မိန်းကလေးများသည် အလယ်တန်းအဆင့်စာမေးပွဲ ပထမပိုင်း မေးခွန်းကို ဖြေဆိုနေကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိတ်လန့်သွားကာ မိဘများလည်း ကျောင်းသို့ အပြေးအလွှားသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ကျောင်းသူများက အဆိုပါ ပထမပိုင်း မေးခွန်းလွှာကို ပြီးစီးအောင် ဖြေဆိုခဲ့ကြသည်။

ကျောင်းသူများ ကျောင်းသို့ မသွားစေရန် ခြိမ်းခြောက် ဖောက်ခွဲခြင်း ဖြစ်သည်ဟု ဟိုင်ဒါခယ်နယ်မြေမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ မာလစ်ဂူဆာလစ်ခ်က ပြောသည်။

ဘန်နူးမြို့အနီးရှိ ဂျာနူခယ်အရပ်တွင် စုံစမ်းထောက်လှမ်းရေး ဆောင်ရွက်နေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ ၎င်းသည် တရားဥပ‌ဒေ စိုးမိုးရေးအဖွဲ့အစည်းများက အလိုရှိနေသူတစ်ဦး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly