တရုတ်ပြဋ္ဌာန်းသော ပြင်းထန်သည့် ဥပဒေအောက်တွင် ဟောင်ကောင်သားများ အနာဂတ်အတွက် မရေမရာဖြစ်နေ

တရုတ်ပြဋ္ဌာန်းသော ပြင်းထန်သည့် ဥပဒေအောက်တွင် ဟောင်ကောင်သားများ အနာဂတ်အတွက် မရေမရာဖြစ်နေ

တရုတ် ပြဋ္ဌာန်းသော အမျိုးသားလုံခြုံရေး ဥပဒေအောက်တွင် ဟောင်ကောင်သူ၊ ဟောင်ကောင်သားအများစုသည် ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး မရေမရာဖြစ်နေကြကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ထိုအမျိုးသားလုံခြုံ‌ရေး ဥပဒေသည် ၂၀၂၀ ဇွန်လတွင် ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်ရှိ ပြည်သူများအပေါ် “ကျောချမ်းဖွယ် သက်ရောက်မှု” တစ်ခု ဖြစ်ပေါ်ထားစေခဲ့သည်။

ယမန်နှစ် ဇွန်လက ပြဋ္ဌာန်းခဲ့သည့် ပြင်းထန်သော ဥပဒေအောက်တွင် ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး မရေမရာ သံသယစိတ်များကို ဟောင်ကောင်ပြည်သူ ၆၀ ရာခိုင်နှုန်းကျော်က ထုတ်ဖော်ထားခဲ့ကြကြောင်း ပြည်မကြီး‌ရေးရာ ကောင်စီကို ကိုးကားပြီး Taipei Times က ဖော်ပြသည်။

အမေရိကန် အခြေစိုက် Freedom House သည် ပြီးခဲ့သည့် မတ်လက ယင်း၏ ကမ္ဘာပေါ်ရှိ လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင် ဟောင်ကောင်ကို ၅၂ ပွိုင့်ဖြင့် သမိုင်းတလျှောက် အဆိုးဆုံး အဆင့်သတ်မှတ်ချက်ကို ပေးခဲ့ပြီး အဓိကအားဖြင့် လုံခြုံရေးဥပဒေကြောင့် “တစိတ်တဒေသအားဖြင့် လွတ်လပ်သည်” ဟု အဆင့်သတ်မှတ်ခဲ့ကြောင်း ဟောင်ကောင်ကို တရုတ်လက်သို့ လွှဲပြောင်းမှု ၂၄ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အစီရင်ခံစာတစ်ရပ်တွင် ကောင်စီက ပြောခဲ့သည်။

အလားတူ ဂျာမနီ၏ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ မူ၀ါဒ အင်စတီကျူ့နှင့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့တို့သည်လည်း ပညာရေးနှင့် သတင်းလွတ်လပ်ခွင့်ပိုင်းနှင့်ပတ်သက်ပြီး ယင်းတို့၏ သက်ဆိုင်ရာ အစီရင်ခံစာများထဲတွင် ဟောင်ကောင်ကို အလားတူအတိုင်း အဆင့်လျှော့ချထားခဲ့ကြောင်း ယင်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ဟောင်ကောင်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ ဂျာနယ်လစ်များအပါအ၀င် လူတစ်ချို့သည် လုံခြုံရေး ဥပဒေအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံရေးသမားများမှ စပြီး တက္ကသိုလ် ကျောင်းသား၊ ဆရာများနှင့် ဂျာနယ်လစ်များအထိ အပါအ၀င် အမြင်သဘောထား ထုတ်ဖော်ပြောဆိုမှုအတွက် တရားစွဲခံရသူများနှင့်ပတ်သက်သည့် အတိုင်းအတာသည် ဥပဒေပြဋ္ဌာန်းမှု မတိုင်မီနှင့် ယှဥ်ပါက “ကျောချမ်းစရာ သက်ရောက်မှုတစ်ခု” ကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း ကောင်စီ၏ အစီရင်ခံစာတွင် ပြောသည်။

အထူးသဖြင့် သတင်းမီဒီယာသည် “မကြုံစဖူးသော နိုင်ငံရေး အကြမ်းဖက်မှု” နှင့် ရင်ဆိုင်နေရပြီး “မီဒီယာ ကိုယ်စားလှယ်” နှင့်ပတ်သက်ပြီး ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုမှုမှာလည်း အစိုးရတွင် မှတ်ပုံတင်ထားသည့် မီဒီယာဌာနများ၏ အမှုထမ်းများကိုသာ အသိအမှတ်ပြုမည်ဆိုသည့် ကိစ္စလည်း ပါ၀င်နေသည်။

Next Digital သည် လုံခြုံရေး ဥပဒေ၏ သားကောင်တစ်ဦးအဖြစ် ပေါ်ထွက်ထားခဲ့ပြီး ရဲများသည် ထိုလုံခြုံရေးဥပဒေကို သုံးပြီး ပိုင်ရှင် ဂျင်မီလိုင် နှင့် Apple Daily သတင်းစာတိုက် အမှုဆောင်များကို တရားစွဲထားခဲ့သည်ဟု ယင်းက ပြောသည်။

အစိုးရသည် Apple Daily ၏ ပိုင်ဆိုင်မှုများကို ပိတ်ခဲ့ပြီး မကြာမီ ဇွန်လ ၂၅ ရက်တွင် ထိုသတင်းစာတိုက် ပိတ်သိမ်းခဲ့ရမှုက “ဟောင်ကောင်ရှိ သတင်းလွတ်လပ်ခွင့်အတွက် ပျက်စီးခြင်းနိမိတ်တစ်ခုကို ဖြစ်စေခဲ့သည်” ဟု Taipei Times က ဖော်ပြသည်။

သတင်းလုပ်ငန်း အများအပြားသည် ဆက်လက်ရေငုံနှုတ်ပိတ်ရန်သာ ရွေးချယ်ခဲ့ကြရာ Stand News ၊ Winandmac Media နှင့် Post 852 ကဲ့သို့ အွန်လိုင်း ထုတ်ဝေမှုလုပ်ငန်းများကနေ content အကြောင်းအရာများ ဖယ်ရှားခံရခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းကို ဦးတည်စေခဲ့ကြောင်း ယင်းက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ပေကျင်းအစိုးရကို ဝေဖန်သော တက္ကသိုလ်ကျောင်းဆရာ အများအပြားမှာလည်း ယမန်နှစ်နောက်ပိုင်း အလုပ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် အတင်းအကျပ်ထွက်စေခြင်းတို့ ခံထားရသည်။ တစ်ချို့သည် လွတ်လပ်ရေးကို ထောက်ခံသော အကြောင်းအရာ ဖြန့်ဖြူးမှုအတွက် ၎င်းတို့၏ သင်ကြားရေးဆိုင်ရာ အရည်အချင်းပြည့်မီမှုသတ်မှတ်ချက်များပင် ရုပ်သိမ်းခံခဲ့ရသည်ဟု ယင်းက ဖြည့်စွက် ဖော်ပြသည်။

ထို့ပြင် ဖေဖေါ်၀ါရီလက ပညာရေးသင်ရိုးညွှန်တမ်း အပြောင်းအလဲများကြောင့် တက္ကသိုလ် ပရိဝုဏ်များအတွင်း နိုင်ငံရေး လုပ်ဆောင်ချက်များကို တရားမ၀င်ကြောင်း သတ်မှတ်ထားခဲ့သလို ဆရာများကိုလည်း ၎င်းတို့၏ နိုင်ငံရေး အမြင်သဘောထားများ ဆွေး‌နွေးခြင်းကနေ တားမြစ်ထားခဲ့ကာ ကျောင်းသား ၈,၀၀၀ ကျော်ကို လုံခြုံရေးဥပဒေနှင့်ပတ်သက်ပြီး ပညာပေးသင်ကြားရန် ပြဋ္ဌာန်းထားကြောင်း ယင်းကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly