တောင်အာဖရိက ဆူပူအုံကြွမှုတွေမှာ သေဆုံးသူ ၁၁၇ ဦးအထိ ရှိလာ 

တောင်အာဖရိက ဆူပူအုံကြွမှုတွေမှာ သေဆုံးသူ ၁၁၇ ဦးအထိ ရှိလာ 

ဇူလိုင် ၁၆

တောင်အာဖရိကနိုင်ငံမှာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုတွေနဲ့ စီးပွားရေး အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တဲ့ ဆူပူအုံကြွမှုတွေကို ဖြိုခွင်းနှိမ်နင်းဖို့ အရန်တပ်တွေကို ထုတ်သုံးလာချိန်မှာပဲ မတည်မငြိမ်ဖြစ်မှုတွေအတွင်း သေဆုံးသူဦးရေဟာ ကြာသပတေးနေ့မှာဆိုရင် ၁၁၇ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ စီးပွားရေးမြို့တော် ဂျိုဟန်နစ္စဘတ်မှာ အတော်လေး ငြိမ်သက်လာပြီဖြစ်ပေမယ့် ဆူပူအကြမ်းဖက်မှုတွေရဲ့ အချက်အခြာဖြစ်တဲ့ အရှေ့တောင်ပိုင်းပြည်နယ် ကွာဇူလူ နာတဲလ်မှာတော့ မတည်မငြိမ် ဖြစ်နေတုန်းပဲလို့ သမ္မတရုံး ကိုယ်စားပြု ခေတ္တဝန်ကြီး ခမ်ဘတ်ဇို နက်ရှက်ဗ်ဟီနီက သတင်းထောက်တွေကို ပြောပါတယ်။ 

အဲဒီ ပြည်နယ်က အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ လုံခြုံရေးတပ်အင်အား တိုးချဲ့ချထားရေးမှာ ကြီးကြပ်ကွပ်ကဲဖို့အတွက် ကာကွယ်ရေး၊ လုံခြုံရေး၊ ပြည်ထဲရေးဝန်ကြီးတွေအပြင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကိုပါ စေလွှတ်ထားပါတယ်။ 

အရေးပေါ် အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကနဦးက တပ်ဖြန့်ထားခဲ့တဲ့ အင်အားထက် ဆယ်ဆတိုးပြီး တပ်အင်အား ၂၅၀၀၀ ကို သုံးစွဲသွားမယ်လို့ အစိုးရက ပြောတာကြောင့် ဒီ အင်အားဟာ နိုင်ငံရဲ့ တင်းပြည့်စစ်မှုထမ်းဦးရေရဲ့ သုံးပုံတစ်ပုံကို သုံးစွဲလာတာပဲ ဖြစ်ပါတယ်။ 

မငြိမ်မသက်ဖြစ်မှုတွေ ခြောက်ရက်မြောက်တိုင်လာတဲ့အချိန်မှာ စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး လော်ရန်ဘတ်သာက အရံတပ်တွေအားလုံး ကြာသပတေးနေ့မှာ တာဝန်အတွက် လာရောက်အကြောင်းကြားကြဖို့ အမိန့်ထုတ်ထားပါတယ်။ “ဒီ မနက်အထိ မြေပြင်မှာ တပ်ဖြန့်တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ တပ်အင်အား ၁၀၀၀၀ ရှိနေပါပြီ”လို့ ဝန်ကြီး နက်ရှက်ဗ်ဟီနီက ပြောပါတယ်။ 

ဂျိုဟန်နစ္စဘတ်နဲ့ ကွာဇူလူ နာတဲလ်ပြည်နယ်မှာ စတိုးဆိုင်နဲ့ ဂိုထောင်တွေ လုယက်ဖျက်ဆီးခံရတာကြောင့် အစားအစာ၊ လောင်စာနဲ့ ဆေးဝါးပစ္စည်းတွေ ဈေးကွက်စီးဆင်းမှု အတော်လေး ယိုယွင်းပျက်စီးစေပါတယ်။ 

အဓမ္မ လုယက်ခံရတဲ့ စီးပွားရေးလုပ်ငန်းကိုင်ငန်း ထောင်ပေါင်းများစွာရှိနေပြီး ‘စီးပွားရေးအဖျက်အမှောင့် လုပ်ငန်းတွေ’ကို သံသယရှိသူ ၁၂ ဦးကို ကြိုးကိုင်စီစဉ်နေတာဖြစ်တယ်လို့ ဝန်ကြီး နက်ရှက်ဗ်ဟီနီက ဆိုပါတယ်။ “အဲဒီ ဆူပူသွေးထိုးလှုံ့ဆော်သူ ၁၂ ဦးမှာ တစ်ဦးကို လက်ရဖမ်းထားပါပြီ၊ ကျန် ၁၁ ဦးကိုလည်း မျက်ခြေမပြတ်ထောက်လှမ်းနေပြီး ရဲတွေ ခြေရာခံလိုက်လံနေပါတယ်”လို့ သူက ပြောပါတယ်။ 

ဆူပူမငြိမ်သက်မှုတွေအတွင်းမှာ ခိုးမှုအပါအဝင် အမျိုးမျိုးသော ပြစ်မှုတွေနဲ့ ဖမ်းဆီးထားသူပေါင်းဟာလည်း ၂၂၀၃ ဦးအထိ ရှိထားပါတယ်။ 

အခု ဆူပူအုံကြွမှုတွေဟာ နိုင်ငံရဲ့ ဆင်းရဲသား အသိုက်အဝန်းအချို့က ထောက်ခံကြတဲ့ သမ္မတဟောင်း ဂျက်ကော့ဇူးမားကို ဇူလိုင် ၈ ရက်မှာ တရားရုံးက ထောင်ဒဏ် ၁၅ လ ပြစ်ဒဏ်ချမှတ်ခဲ့ချိန်ကစလို့ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဇူးမားဟာ သူ့သမ္မတသက်တမ်းအတွင်း အကျင့်ပျက်ခြစားမှုကို စုံစမ်းတဲ့ ကော်မရှင်တစ်ရပ်ထံ စစ်ဆေးထွက်ဆိုဖို့ ငြင်းဆန်တာကြောင့် ရုံးတော်ကို မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအတွက် ပေါက်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာ မြန်မြန်ဆန်ဆန်ပဲ ဆူပူအုံကြွမှုအသွင် ကူးပြောင်းသွားခဲ့ပြီး လူအုပ်စုလိုက်တွေဟာ ရှော့ပင်းမောလ်တွေထဲ စီးနင်းလုယက်တာတွေ ဖြစ်ပွားပေါ်ပေါက်လာတော့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly