ယခုထက် ပိုမိုအန္တရာယ်ရှိတဲ့ ကိုဗစ်မျိုးကွဲတွေ ပေါ်ထွက်လာနိုင်ခြေရှိဟု WHO သတိပေး

ယခုထက် ပိုမိုအန္တရာယ်ရှိတဲ့ ကိုဗစ်မျိုးကွဲတွေ ပေါ်ထွက်လာနိုင်ခြေရှိဟု WHO သတိပေး
Photo - AFP

ဇူလိုင် ၁၆

ယခုထက် ပိုမို စိုးရိမ်ပူပန်စရာကောင်းတဲ့ ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်တွေ ကမ္ဘာတ၀န်း ကူးစက်ပျံ့နှံ့လာနိုင်ခြေနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်ကော်မတီက ဇူလိုင် ၁၅ ရက်မှာ သတိပေးသွားခဲ့ပါတယ်။

အဆိုပါ မျိုးကွဲသစ်တွေသာ ကူးစက်လာမယ်ဆိုရင် လက်ရှိ ကပ်ရောဂါ ထိန်းချုပ်တားဆီးရေး လုပ်ဆောင်နေတဲ့ အားထုတ်မှုတွေအတွက် ပိုမိုလို့တောင် ခက်ခဲသွားစေဖို့ ရှိနေတယ်လို့ WHO ကော်မတီက ပြောပါတယ်။

“ဒီကပ်ရောဂါကို အဆုံးသတ်နိုင်လုနီးပါး ဖြစ်ဖို့ လမ်းမမြင်သေးပါဘူး” လို့ ကော်မတီက ထုတ်ပြန်ချက်တစ်စောင်ထဲမှာ ပြောပါတယ်။

ပိုပြီး ကြောက်စရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ထွက်ပေါ်လာနိုင်ခြေနဲ့ ကမ္ဘာတ၀န်း ပျံ့နှံ့ကူးစက်မှု ဖြစ်နိုင်ခြေတို့ အားကောင်းနေကြောင်းနဲ့ အဲဒီလိုသာဆိုရင် ကပ်‌ရောဂါ ထိန်းချုပ်မှုတွေလုပ်ရာမှာ စိန်ခေါ်မှုတွေနဲ့ ပိုမိုရင်ဆိုင်သွားရနိုင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဒါကြောင့် လက်ရှိ ကပ်ရောဂါ အဆုံးသတ်လုနီးပါး ဖြစ်ဖို့ လမ်းမမြင်နိုင်‌သေးချိန်မှာ ကိုဗစ်-၁၉ ရောဂါဟာ အဆုံးသတ်ပိုင်းကို ရောက်လာနေပြီဆိုတဲ့ မှားယွင်းတွက်ချက်နေတာတွေနဲ့ပတ်သက်လို့ ၎င်းအနေနဲ့ အင်မတန် စိုးရိမ်မိကြောင်း WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသွားခဲ့ပါတယ်။

ယခု WHO အကြီးအကဲရဲ့ မှတ်ချက်စကားမတိုင်မီ ဂျာမနီ ကျန်းမာရေး၀န်ကြီးဖြစ်တဲ့ ဂျန်စ် စပန်က ဂျာမနီနိုင်ငံအနေနဲ့ နောက်ထပ် ယူရို သန်း ၂၆၀ နဲ့ ကိုဗစ်ကာကွယ်‌ဆေး အလုံးရေ သန်း ၃၀ ထည့်၀င်ကူညီမယ့်အကြောင်း ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly