ရန်ကုန် ၊ဇူလိုင်၁၅
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ အစိုးရပိုင် ကမ္ဘာ့ ရတနာဘဏ်(GTB) ဘဏ်သည် ဇူလိုင် ၁၅ရက် နံနက်က ဓါးပြတိုက်ခံရမူဖြစ်ပွားသည်။
တောင်ဥက္ကလာရဲစခန်းနှင့်မနီးမဝေးတွဖြစ်ကာ နန္ဒာဝန်ဈေးအနီး ဗြဟ္မစိုရ်လမ်းမပေါ် ရှိ မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်မှသည် အမည်ပြောင်းလဲဖွဲ့စည်းလိုက်သော ကမ္ဘာ့ရတနာဘဏ်(GTB) ဘဏ်သည် ဓါးပြတိုက်ခံရမှုတွင် ငွေပါသွားခြင်းရှိ မရှိကို မသိရသေးပါ။
" Taxi နဲ့လာပြီး တိုက်သွားတာ။ သေနတ်ဖောက်သံတွေလည်း ကြားရတယ် ။ လူထိခိုက်မှုတော့ မရှိပါဘူး ''ဟု ဒေသခံတစ်ဦးက ဆိုသည်။
အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် လက်နက်ကိုင် စစ်သားများရောက်ရှိလာကြပြီး လမ်းများပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
" ဆယ်နာရီကျော်လောက်က လမ်းထဲ လုံးဝအဝင်မခံတော့ဘူး ။လမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို လက်နက်ကိုင် စစ်သား သုံးယောက်လောက် ပိတ်ထားပြီး ဘဏ်အရှေ့မှာလည်း စစ်ကားအကြီးတစ်စီးရပ်ထားတာ တွေ့ရတယ်''ဟု ယင်းအနီးအနားဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ပြောသည်။
နေ့လည်ပိုင်း ၁ နာရီကျော်တွင် ဗြဟ္မစိုရ် လမ်းမကြီးပေါ်တွင် လမ်းပိတ်ဆို့ စစ်ဆေးမှုများ မရှိတော့ဘဲ ဘဏ်အဝင်ပေါက်ကို လူတစ်ကိုယ်စာခန့် ဖွင့်ထားသည်ကို တွေ့မြင်ခဲ့ရသည်။
ကမ္ဘာ့ရတနာဘဏ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသောဘဏ်ဖြစ်သည်။