ရန်ကုန်က သေဆုံးသူ ရုပ်အလောင်းတွေကို မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချ သင်္ဂြိုလ်ဖို့ စီစဉ်နေရ

ရန်ကုန်က သေဆုံးသူ ရုပ်အလောင်းတွေကို မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချ သင်္ဂြိုလ်ဖို့ စီစဉ်နေရ
(ရေဝေးသုဿာန်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ရှစ်နာခွဲ မြင်ကွင်း) ဓာတ်ပုံ- CJ

ဇူလိုင် ၁၅

မြန်မာနိုင်ငံမှာ ပျံ့နှံ့ကူးစက်မှုနှုန်း မြင့်လာတဲ့ ကိုဗစ် ၁၉ တတိယလိုင်းအတွင်း သေဆုံးသူတွေလည်း တိုးလာနေပြီး မီးသင်္ဂြိုလ်စက်တွေမှာ အလောင်းတွေ ပုံနေလို့ မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချ သင်္ဂြိုလ်ကြဖို့ သုဿန်တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားရပါတယ်။

ရန်ကုန်က ရေဝေးသုဿာန်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ ည ရှစ်နာရီလောက်အထိ မီးသင်္ဂြိုလ်ဖို့ ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းအများအပြား ပုံနေသေးတာကို တွေ့ရပါတယ်။

ကိုဗစ် ၁၉ တတိယလိုင်းအတွင်း နေ့စဉ် လူတစ်ရာကျော် သေဆုံးနေပြီး သေဆုံးသူတွေအနက် အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် သေဆုံးသူတွေအများဆုံး ဖြစ်တယ်လို့ ပရဟိတကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရန်ကုန်က မီးသင်္ဂြိုလ်စက်တွေမှာ ရုပ်အလောင်းတွေကို မီးချို့ဖို့ မနိုင်မနင်း ဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သုဿာန်တာဝန်ရှိသူတွေကို မဇ္ဈိမက ဆက်သွယ်မေးကြည့်ပေမယ့်  ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။

“ကျွန်တော်တို့ ဖြေကြားလို့ မရပါဘူး။ အထက်ဌာနချုပ်က တာဝန်ရှိသူတွေကို မေးကြည့်ပါ” လို့ တညီတညွတ်တည်း ပြောကြပါတယ်။

ပရဟိတကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေရဲ့ အဆိုအရ ရေဝေးသုဿာန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး နေ့စဉ် သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကနေ ၂၀၀ အကြား မီးသင်္ဂြိုလ်နေရတယ်လို့ သိရပါတယ်။

ရေဝေးသုဿာန် တာဝန်ရှိသူတစ်ဦးက “အခက်အခဲကတော့ မရှိပါဘူး။ ပုံမှန်ထက်တော့ နည်းနည်း လေးများတာပေါ့။ ဒီလောက်ပါပဲ” လို့ မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ထပ်မံကြုံတွေ့လာရတဲ့ ကိုဗစ် ၁၉ တတိယလှိုင်း ကာလအတွင်း ပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အောက်ဆီဂျင် ပြတ်လပ်မှု ဒဏ်ကို အများဆုံး ကြုံတွေ့နေကြရတာပါ။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ လူပေါင်း နှစ်သောင်းကျော်ကို စစ်ဆေးတဲ့အနက် လူပေါင်း ခုနှစ်ထောင်ကျော်မှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၀၉ ဦး ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly