ကျူးဘားမှာ ဆန္ဒပြပွဲတွေအပြီး အင်တာနက် ပြန်ဖွင့်ပေးပေမယ့် လူမှုမီဒီယာတွေကို ပိတ်ထား 

ကျူးဘားမှာ ဆန္ဒပြပွဲတွေအပြီး အင်တာနက် ပြန်ဖွင့်ပေးပေမယ့် လူမှုမီဒီယာတွေကို ပိတ်ထား 
Photo - AFP

ဇူလိုင် ၁၅

ကျူးဘားနိုင်ငံမှာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ဖြစ်ပွားခဲ့တဲ့ မကြုံစဖူး ဆန္ဒပြပွဲတွေအပြီး သုံးရက်ကြာ ပိတ်ထားခဲ့တဲ့ အင်တာနက်ကို အာဏာပိုင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်ဖွင့်ပေးပြီဖြစ်တယ်လို့ အေအက်ဖ်ပီဂျာနယ်လစ်တွေက ပြောပါတယ်။ 

ဒါပေမဲ့ ဖေ့ဘုတ်၊ WhatsApp နဲ့ တွစ်တာတို့လို လူမှုမီဒီယာနဲ့ မက်ဆေ့ချ်အက်ပလီကေးရှင်းတွေကိုတော့ 3G နဲ့ 4G ကွန်ရက်တွေမှာ ပိတ်ထားဆဲ ဖြစ်ပါတယ်။ 

ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ကွန်မြူနစ်အုပ်ချုပ်ရေး ကျူးဘားနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်ရင်း သမ္မတ မီဂွယ်ဒီယက်ဇ်ကနဲလ်က “ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ လေးစားမှုရှိရေး’ တွေကို နိုင်ငံပိုင်ရုပ်သံကနေ တိုက်တွန်းဆော်ဩပါတယ်။ 

“ကျူးဘားပြည်သူတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအပြင် အမိန့်ဥပဒေ လေးစားလိုက်နာမှု ရှိရေးတွေကို တိုက်တွန်းလိုပါတယ်”လို့ သမ္မတ မီဂွယ်ဒီယက်ဇ်ကနဲလ်က ပြောပါတယ်။ 

“ကျွန်တော်တို့ကြားက သဘောထားမတိုက်ဆိုင်မှုတွေကို ကျော်လွှားကြမယ်၊ ပြဿနာတွေ၊ ကွဲပြားမှုတွေမှာ မတူတဲ့ အမြင်တွေ ရှိရင်တောင် ဖြေရှင်းရေးအတွက် အချင်းအချင်း အားပေးရင်း ကြိုးစားဖော်ဆောင်သွားရမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ကျူးဘားပြည်သူတွေအတွက်တော့ လွတ်လပ်တဲ့ သတင်းစီးဆင်းမှုကို လူမှုမီဒီယာကနေပဲ ရရှိကြတာဖြစ်ပြီး မက်ဆေ့ချ်အက်ပ်တွေဟာ အချင်းချင်းကြား အဓိက ဆက်သွယ်ရေးလမ်းကြောင်းပဲ ဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်လာအောင် သတင်းတွေ ဝေမျှရာ ပလက်ဖောင်းအဖြစ် အသုံးပြုတဲ့ လူမှုမီဒီယာကနေပဲ စီစဉ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားကတည်းက လူတစ်ဦးသေဆုံးပြီး လွတ်လပ်တဲ့ ဂျာနယ်လစ်နဲ့ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူ ၁၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။ 

“လူမှုမီဒီယာဟာ ခုအခါမှာ ရန်လိုတိုက်ခိုက်ရာ သက်သက်ဖြစ်နေပြီ၊ လူသတ်မှုတွေ ကျူးလွန်ဖို့ လှုံ့ဆော်ကြတယ်၊ လူအုပ်က တရားစီရင်ဖို့ တိုက်တွန်းနေကြတယ်၊ သူတို့ကို သူတို့ တော်လှန်ရေးသမားတွေအဖြစ် ဆိုနေကြသူတွေက ပြည်သူတွေကို တိုက်ခိုက်ဖို့ သွေးထိုးနေတယ်”ဆိုပြီး နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ အစည်းအဝေးတစ်ရပ်မှာ သမ္မတ မီဂွယ်ဒီယက်ဇ်ကနဲလ်က ပြောပါတယ်။ 

“ကျူးဘားအစိုးရဟာ ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုပြီး လူမှုမီဒီယာမှာ သတင်းတွေ ဖြန့်ဖို့ ကြိုးစားနေကြတယ်၊ ဒါတွေဟာ လုံးဝ မုသားတွေဖြစ်ပြီး အသရေဖျက်တာပဲ ဖြစ်တယ်”လို့ သူက ပြောရင်း “ဒါမျိုးက မီဒီယာအကြမ်းဖက်ဝါဒပဲ”လို့ ထပ်လောင်းဆိုပါတယ်။ 

စီးပွားရေး အကျပ်အတည်း ဆိုက်ရာတာအတွက် အမေရိကန်ရဲ့ ရာစုဝက်ကြာ စီးပွားရေးဖိအားပေးမှုတွေကြောင့်လို့ ကျူးဘားက အပြစ်တင်ပြောဆိုပေမယ့် ကူးစက်မှုမြင့်တက်တဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေကြားမှာ စီးပွားရေး ဆုတ်ယုတ်လာခဲ့တာလည်းပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly