တောင်ဥက္ကလာ ရွှေပြည်ညွန့်အောက်ဆီဂျင်စက်ရုံ ပုဂ္ဂလိက အောက်ဆီဂျင်ဖြည့်တင်းမှု ရပ်နား

တောင်ဥက္ကလာ ရွှေပြည်ညွန့်အောက်ဆီဂျင်စက်ရုံ ပုဂ္ဂလိက အောက်ဆီဂျင်ဖြည့်တင်းမှု ရပ်နား

ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာ စက်မှုဇုံအတွင်းရှိ တစ်ရက်လျှင် ရာဂဏန်းအထိ အောက်ဆီဂျင်အိုးများဖြည့်တင်းပေးနေခဲ့သော ရွှေပြည်ညွန့် အောက်ဆီဂျင်စက်ရုံသည် တသီးပုဂ္ဂလအောက်ဆီဂျင်ဖြည့်တင်းမှုများ ရက်အကန့်အသတ်မရှိရပ်နားကြောင်း ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် စက်ရုံဝတွင်ရေးသားထားသည်။ 

"  ဝန်ထမ်းများ ဖျားနာမှုများနေပါသဖြင့် 15.7.2021 ဆေးရုံပို့သောလေအိုးများမှလွဲ၍ ကျန်လေအိုးများ လက်ခံပေးခြင်းကို ရကန်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းထားပါသည်။" ဟု ကြေညာထားချက်တွင်ပါရှိသည်။

အမှတ် ၅ (က) တောင်ဥက္ကလာ စက်မှုဇုန် (၈) ရပ်ကွက် (၆)လမ်းရှိ ရွှေပြည်ညွန့် အောက်ဆီဂျင်စက်ရုံသည် ပုဂ္ဂလိက စက်ရုံတစ်ခုဖြစ်သည်။

အဆိုပါစက်ရုံမပိတ်ခင်ရက်တွင် အောက်ဆီဂျင်လာရောက်ဖြည့်သူများ တစ်ရက်လျှင် ရာဂဏန်းအထိ တန်းစီစောင့်ဆိုင်းကာ ဖြည့်တင်းခဲ့လေ့ရှိသည်။ 

“အရင်ရက်တွေက ၂၀ လီတာ တစ်အိုး သုံးထောင်ကျပ် နဲ့ ၂၄ နာရီဖြည့်လို့ရပါတယ်၊ အခုကဗျာ၊ လိုအပ်ဆုံးက အောက်ဆီဂျင်ပဲလေ၊ ရောဂါဖြစ်တဲ့သူတွေကလဲတစ်နေ့တစ်ခြားပိုများလာတော့၊ အောက်ဆီဂျင်လို အပ်တာကပိုပိုလာတယ်၊ တစ်နေ့တစ်နေ့ အောက်ဆီဂျင်အတွက် အပြေးအလွှားတန်းစီနေရတာ၊ ခုလိုတစ်နေရာပိတ်လိုက်တယ်ဆိုတာ့ အခက်တွေ့တာပေါ့ဗျာ“ ဟု အဆိုပါစက်ရုံ ပိတ်လိုက်သည့်အတွက် အောက်ဆီဂျင်ဖြည့်ဖို့ အခက်အခဲဖြစ်သူ တစ်ဦးက ဆိုသည်။ 

ရွှေပြည်ညွှန့်အောက်ဆီဂျင်စက်ရုံအား လက်ရှိအခြေအနေနှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အနေဖြင့် ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ 

ကိုဗစ်တတိယလှိုင်းဒဏ်အတွင်း ရန်ကုန်မြို့တွင် ကိုဗစ်ကူးစပ်ခံရသူများအတွက် အောက်ဆီဂျင်ထုတ် စက်ရုံများရှေ့ လူတန်းရှည်ကြီးများက တိုးဝှေ့တန်းစီခဲ့ရသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်သည်။ 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၄ ရက်နေ့တွင် ပိုးတွေ့သူ ၇၀,၈၃ ယောက် ရှိခဲ့သည်။ ထို့ကြောင့်လူပေါင်း ၂၁,၃၅၂ ယောက်အား စစ်ရာက တွေ့ရတာ ဖြစ်လို့ ပိုးတွေ့ရာခိုင်နှုန်းက ၃၃.၁၇ ရာခိုင်နှုန်းဖြစ်သည်။ကျန်းမာရေး ဌာနထုတ်ပြန်ချက်အရ တစ်နေ့တည်း သေဆုံးမှု အများဆုံး ၁၄၅ ယောက် ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly