ကိုဗစ်လူနာအတွက် အရေးပေါ်သယ်လာသည့် အောက်ဆီဂျင်အိုးများအသိမ်းခံရဟုဆို

ကိုဗစ်လူနာအတွက် အရေးပေါ်သယ်လာသည့် အောက်ဆီဂျင်အိုးများအသိမ်းခံရဟုဆို

ဇူလိုင် ၁၅

ရန်ကုန်မြို့တွင် အောက်ဆီဂျင်လာရောက်ဖြည့်သည့် နယ်မြို့က ပရဟိတအဖွဲ့မှ အောက်ဆီဂျင်အိုးများကို စစ်ကောင်စီမှ သိမ်းဆည်းသွားသည်ဟု ပရဟိတအဖွဲ့တစ်ခုက ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့က ပဲခူးဂိတ်တွင် ပရဟိတအဖွဲ့ကားကို စစ်ကောင်စီတပ်က ရှာဖွေရာ အောက်ဆီဂျင်အိုးများကိုတွေ့ရှိပြီး ဆေးရုံထောက်ခံစာမပါသည့်အတွက်ဟုဆိုကာ သိမ်းဆည်းထားလိုက်ခြင်းဖြစ်သည်။  

 "ညီမတို့က အိမ်မှာ ကိုဗစ်ဖြစ်နေတဲ့သူတွေအတွက် အရေးပေါ်အောက်ဆီဂျင်လိုအပ်နေလို့ သူတို့အကူညီတောင်းလို့သွားယူပေးနေတာ။ ... သူတို့ပြောတာတော့ စစ်ပွားဖြစ်ရှာတယ်ပေါ့ပြောတာပေါ့။ ညီမတို့ကလည်းရှင်းပြတယ် မဟုတ်ဘူးလို့၊ ဒီအောက်ဆီဂျင်အိုးတွေကလည်း ညီမတို့တစ်ယောက်တည်းကမဟုတ်ဘူးလို့ အများကစုပြီးလုပ်တာပါလို့ ။ ဒါပေမယ့်မရဘူး သိမ်းတာပဲ။ ရမယ်ထင်ပြီးမျှော်နေတဲ့သူတွေကို ညီမတို့ မနည်းရှင်းပြရတယ်။" ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့နှင့် နီးစပ်သည့်မြို့နယ်များသည် အောက်ဆီဂျင်လိုအပ်လျှင် စက်ရုံများတွင် လာရောက်ဖြည့်နေရပြီး ဆေးရုံထောက်ခံစာပါမှ ယူခွင့်သတ်မှတ်ထားသည်။ 

သို့သော် ထောက်ခံစာပါသော်လည်း အောက်ဆီဂျင်ထုတ်ယူမှုများတွင် စစ်တပ်ကို ဦးစားပေးသယ်ယူစေမှုများဖြစ်ပေါ်နေသည်။ 

" ကျွန်တော်တို့က ဆေးရုံထောက်ခံစာနဲ့သွားယူတာ၊ တစ်နေကုန်တန်းစီပြီး စောင့်ပြီးမှ သူတို့က (စစ်တပ်) ကားနဲ့ရောက်လာပြီး ယူချင်သလောက်ယူသွားတာ။ ကျန်မှ ကျွန်တော်တို့ ပြည်သူတွေကယူရတာ။ ဘယ်ဆေးရုံအတွက်ယူတယ်ဆိုတာလည်းမသိဘူး။  မနေ့ကဆို သုံးအိုးပဲရတယ်။ ကျွန်တော်တို့မြို့အတွက်  လိုအပ်ချက်အရ ထောက်ခံစာနဲ့လာယူတာကို ဒီလောက်ပဲရတယ်ဆိုတော့ အတော်တရားလွန်သွားပြီ"ဟု ပရဟိတအဖွ့ဲတစ်ခုကပြောသည်။

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံအချို့က လက်ခံကုသခြင်းမရှိသည့်အတွက် မိမိတို့အိမ်မှာပင်ကုသနေရခြင်းကြောင့် အောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှုများရှိနေသည်။ 

" တစ်နေ့ကဆိုရင် အောက်ဆီဂျင်လိုလို့ သွားပို့တာကို လမ်းမှာအချိန်အကြားကြီးစစ်လို့ အိမ်ရောက်တော့ လူနာက အချိန်နည်းနည်းပဲရှုရပြီး ဆုံးသွားတယ်" ဟု စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ 

လတ်တလောကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အမျိုးသားတစ်ဦး က "  ရွှေပြည်သာမှာဆို ဆေးရုံမှာ P (ပိုးတွေ့) ထွက်တဲ့သူတွေကို လုံးဝလက်မခံတော့ဘူး။  အဲ့တော့ အိမ်မှာပဲနေပြီး ကုနေရတဲ့သူတွေက အောက်ဆီဂျင်လိုလို့ဆေးရုံသွားတော့ ၇၀ ရာခိုင်နှုန်းအောက် မရသေးတော့ မလိုအပ်ဘူးဆိုပြီးမပေးဘူး။ အပြင်မှာ ကိုယ့်ဘာသာကိုယ်သွားရှာတော့လည်း ဝယ်ခွင့်မပေးဘူး"ဟု  ပြောသည်။

စစ်ကောင်စီတပ်က အောက်ဆီဂျင်ဖြန့်ဖြူးနေသည့်စက်ရုံတစ်ချို့ကို ပုဂ္ဂလိကကိုရောင်းချခွင့်ပိတ်ပင်ခဲ့မှုများရှိခဲ့သည်။

ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာ၏ထုတ်ပြန်ချက်အရ ဇွန်လိုင်၁၄ရက်နေ့တွင် ပိုးတွေ့လူနာ၇၀၈၃ဦးနှင့် သေဆုံးသူ၁၄၅ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly