နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇူလိုင် ၂၀၂၁)
(Photo : : AFP - ဇူလိုင်လ ၁၄ ရက် ၊ ရန်ကုန်မြို့ရှိ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

•       မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုပြန်လည်မြင့်တက်လာသည့်အတွက် စစ်ကောင်စီက ပရဟိတ အသင်းများအနေဖြင့် လာရောက်ပူးပေါင်းပေးရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။

•       စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တယားလည်ပတ်သည်ကို ပြသနိုင်ရန် အတွက် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်က ကညနရုံးကို ပြန်ပိတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

•       ရန်ကုန်မြို့လယ်ခေါင်တွင် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် အမျိုးသမီးထုက ပန်ထွာဘုရင်မများ စစ်ကြောင်းဖြင့် အနော်ရထာလမ်းမပေါ်တွင် ဇူလိုင်လ ၁၄ ရက် နံနက်က ချီတက်သပိတ်မှောက်ကြသည်။

မန္တလေးတိုင်းဒေသကြီး

•       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ဇူလိုင်လ ၁၃ရက်နေ့ ညပိုင်းက ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ်, မောရသုတ်ပရိတ်တော်များ သမဂ္ဂ ဆရာတော်များက ရွတ်ပွားချီးမြှင့်ပေးခဲ့သည်။

•       မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်ထားသည့် ကြားက စစ်အာဏာရှင်ကျရှုံးရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နေ့စဉ်မပျက် ပြုလုပ်နေကျ ဖြစ် သော အသံမတိတ်အလံမလိပ် ပြည်/ခွန် ညသပိတ်ကို  ဇူလိုင် ၁၃ ရက်နေ့တွင်လည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

•       မန္တလေးတွင် သပိတ်စစ်ကြောင်းများကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များ လိုက်လံဖမ်းဆီး နေသော်လည်း မယိုင်လဲတဲ့တပ်ပေါင်းစု ခိုင်မြဲတဲ့တပ်ပေါင်းစု သပိတ်စစ်ကြောင်း  ဇူလိုင်လ ၁၃ရက်နေ့တွင်လည်း ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

•       မန္တလေးတွင် အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းသည် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးအတွက် အင်အားပြည့်ဖြင့် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်  ချီတက် သပိတ်မှောက်ကြသည်။

•       အရုဏ်ဦးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့ပေမယ့် ဇူလိုင်လ ၁၄ ရက် မွန်းတည့်ချိန်တွင် မန္တလေးမြို့အခြေစိုက်လူထုသပိတ်စစ်ကြောင်းသည် လမ်းပေါ်ပြန်ထွက်လာပြီး စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

•       မန္တလေးတိုင်း၊ မြစ်ငယ်မြို့ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဒေါ်သက်သက်ချိုနှင့်အဖွဲ့ သည် ဇူလိုင်လ ၁၄ ရက် ယနေ့နံနက်က သေနတ်ဖြင့် ပစ်ခံရကာ ဒေါ်သက်သက်ချိုမှာ နောက်စေ့ပွင့်သေဆုံးပြီး အခြားအဖွဲ့ဝင် ၃ ဦးလည်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

•       အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၁၄ရက်နေ့က မန္တလေး ကျောက်မျက်ရတနာ ကုန်သည် ပွဲစားများသပိတ်စစ်ကြောင်း ဦးဆောင်ကာ ကျွဲဆည်ကန် လမ်းမပေါ်ထိ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

•       တားဆီးဖိနှိပ်မှုများရှိနေသော်လည်း မန္တလေးသံဃသမဂ္ဂစစ်ကြောင်းသည် ဇူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ၁၅၆ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော် ချီတက် ဆန္ဒပြကြသည်။

•       မန္တလေးမြို့၊ ချမ်မြသာစည်မြို့နယ်၊  မြို့သစ်(၁)ရပ်ကွက်၊ ၆၂လမ်း ၊ ၁၀၆လမ်းနှင့် ၁၀၇လမ်းကြားရှိ စည်ပင်ရုံးအတွင်းတွင်  ဇူလိုင်၁၄ရက် နံနက်၆နာရီ ၂၅မိနစ်ခန့်က ဗုံးပေါက်ကွဲပြီး ဆီဘောက်ဆာယာဉ် မီးလောင်ကြောင်း ဒေသခံများကပြောသည်။

•       မိုးကုတ်မြို့မှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးစိုးဌေးအား စစ်ကောင်စီက ဖမ်းမမိသဖြင့် ၎င်း၏ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ကို ဖမ်းဆီးထားကာ ထောင် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

•       မန္တလေး ၆၇ လမ်းနှင့် ၁၀၂ A လမ်းထောင့်တွင် အုပ်စုဖွဲ့ တုတ်ဓားလက်နက် ကိုင်ဆောင်၍ လုယက်သူများ ရှိနေပြီး ၃ ကြိမ်ဆက်တိုက် ဆိုင်ကယ်နှင့်ငွေကြေး လုယက်ခံရမှုရှိကြောင်း မြို့ခံများကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး

•       စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ပန်းညိုကျေးရွာနေ ၂၀၁၀ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးဝင်းနိုင်နှင့် တပည့်ဖြစ်သူတို့သည် ယနေ့နေ့လည်က ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

•       ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၄ရက် နေ့တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•       ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့်ယင်းမာပင်အရှေ့ခြမ်းရွာပေါင်းစုံသပိတ် စစ်ကြောင်း သည် ဆန္ဒပြသည့် ၁၂၆ရက်နေ့အဖြစ် ဇူလိုင်လ ၁၄ရက်က  စစ်အာဏာရှင်ကို အလိုမရှိကြောင်း ချီတက် ဆန္ဒပြကြသည်။

•       ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများက ဇူလိုင်လ ၁၃ရက်နေ့က အကြမ်းဖက် လူသတ် စစ်ကောင်စီ စစ်မိစ္ဆာများ အလိုမရှိကြောင်း မောင်းထုတ်သည့် အနေဖြင့် သံပုံးတီး သပိတ်မှောက် ခဲ့ကြောင်းသိရသည်။

•       လူထုအပေါ် အနိုင်ကျင့်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီနှင့်နောက်လိုက်များကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၁၄ရက်) ကြေညာသည်။

•       အမျိုးသားညီညွတ်ရေးအစိုးအရအဖွဲ့၏ အလံကို တပ်ဦးလွှင့်ထူကာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း ကလေးမြို့ပြည်သူများက ဇူလိုင်လ ၁၄ရက်နေ့တွင်  ချီတက်ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

•       မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အနောက်မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၄ရက်နေ့ နံနက်ပိုင်းတွင် "Covid ပိုးလည်းကာကွယ်မယ် ၊ အာဏာရူးလည်းတော်လှန်မယ်" စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဆက်လက်ချီတက်ဆန္ဒဖော်ထုတ်ကြသည်။

•       မြိုင် PDF နှင့် ပုလဲ PDF တို့မှတားမြစ်ပိတ်ပင်ထားသော ဘေးမဲ့သစ်တောများမှ သစ်ခိုးထုတ်ယူမှုကို ဖမ်းဆီးရမိ၍မီး ရှို့ဖျက်စီးကြောင်းသိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး

•       ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ညင်းမော်ကျေးရွာ၊သရက်ချောင်းမြိုနယ် သင်းကျွန်းကျေးရွာနှင့် ရေဖြူမြိုနယ်ရှိ ကံပေါက်ဒေသတွင် ဇူလိုင်၁၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•       လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

•       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ဇူလိုင်လ ၁၄ ရက် နံနက်က အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး တော်လှန်လူငယ်များမှ ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

•       တနင်္သာရီတိုင်း ၊ လောင်းလုံးမြိုနယ် ၊ သကျက်တောရွာတွင် ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ဆင်နွှဲကြသည်။

•       စစ်ကောင်စီက ဖမ်းဆီးဖိနှိပ်မှုအများစွာရှိနေသော်လည်း ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ၁၄ရက်နေ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့်ကျောင်းသားသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားစနစ်ဖြစ် အာရုဏ်ဦးသပိတ်ကို မီးတုတ်ရှို့  ဆန္ဒထုတ်ဖော်ကြသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း သိရသည်။

ကချင်ပြည်နယ်

•       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်ရှိ တော်လှန်လူငယ်များသည် ဇူလိုင်လ ၁၄ ရက်တွင် "အရှုံးမပေးဘူး၊ သွေးမအေးဘူး" ကြွေးကြော်က စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ချီတက်ဆန္ဒပြကြသည်။

•       ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု ပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ်

•       လွိုင်ကော်မြို့နယ်၊ လွိုင်လင် အရှေ့ခြမ်း တီးလုံးအုပ်စု၊ ကွန်နား ၊ ဒေါသဟေး ကျေးရွာ ဇူလိုင်လ ၁၂ နေ့တွင် စကစ တပ်ရင်း တပ်မ ၆၆ ၊ ခလရ ၅၃၀ နှင့် ကရင်နီတပ်မတော် အမှတ် ၃ တပ်ရင်း ၃ တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံပြည်သူ ၆၀၀၀ နှင့် ၇၀၀၀ ဝန်းကျင် စစ်ဘေးရှောင် နေရကြောင်း သိရသည်။

•       ကယားပြည် လွိုင်ကော်မြို့နယ် တီးလုံ ကွန်နားကျေးရွာအနီး ယမန်နေ့  စစ်ကောင်စီတပ်ရင်း  တပ်မ ၆၆၊ ခလရ ၅၃၀ တပ်များနှင့် ကရင်နီတပ်မတော် KA/KNPP တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးကြောင်း သိရသည်။

•       စစ်ဘေးရှောင်ပြည်သူများတွင် ဆေးဝါး၊ စာနပ်ရိက္ခာ၊ မိုးကာ၊ ခြင်ထောင်၊ သောက်သုံးရေ လိုအပ်နေကြောင်း Karenni FBR မှ သတင်းထုတ်ပြန်ထားသည်။

•       ဇူလှိုင်လ ၁၂ ရက်နေ့ ညနေ ၉ နာရီ မိနစ်၂၀ အချိန်မှာဖြစ်ပွါးခဲ့သည့် လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့ရုံးနှင့် EPCရုံးဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင်  KNDF မှပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် KNDF(loikaw zone)ကထုတ်ပြန်ထားသည်။

မွန်ပြည်နယ်

•       မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ တော်လှန်လူငယ်များသည် ဇူလိုင်လ ၁၄ ရက် နံနက်က "ငါတို့တွေ မငို အောင်ပွဲက ကြို၊ ကိုဗစ်လည်း ထွက် တပ်လည်း ပျက်" ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး ဆန္ဒပြကြသည်။

ကရင်ပြည်နယ်

•       ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက် နှစ်ရက်အတွင်း ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရကြောင်း KNU သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

•       ကရင်အမျိုးအသားအစည်းအရုံး တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာနယ်မြေ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအတွင်း စစ်ကောင်စီဘက်မှ BGF နယ်ခြားစောင့် တပ်သားများ နေရာလဲလှယ်ပြီး အင်အားဖြည့်တင်းမှုများကြောင့် ဒေသခံရွာသားများ စိုးရိမ်နေကြကြောင်း ကျေးရွာအတွင်းသို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် ရွာသား ၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ ၁ ဒူးသထူ သထုံခရိုင်က သတင်းထုတ်ပြန်သည်။

•       KNDO သည် KNU ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသော သတင်းမှာ လုံး၀ မှန်ကန်မှုမရှိဘဲ ကရင်းတစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကို စစ်ကောင်စီက မလိုလားဘဲ သွေးထိုးနေကြောင်း KNDO ဗဟိုဌာနချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်

•       ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA Muse)နှင့် လားရှိုးမြို့ လူထုကာကွယ်ရေးတပ်ဖွဲ့ (Lashio Civil Defence Force) တို့ တော်လှန်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်နှင့် စုဖွဲ့မှုအားတစ်ခု ဖြစ်စေရန် အတွက် မဟာမိတ်တပ်ဖွဲ့များအဖြစ် ရပ်တည်ပြီး အကြမ်းဖက်စစ်ကောင်စီကို အတူတကွအဆုံးထိ ပူးပေါင်း တော်လှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

•       တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် ရန်ကြီးအောင်လမ်းပေါ်တွင် ယနေ့နေ့လည် ၂နာရီခန့်က မောင်းနှင် လာသည့် မော်တော်ယာဉ်တစ်စင်းကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၃ဦးသေဆုံးသွားခဲ့သည်။

•       တောင်ကြီးမြို့ EPC ရုံးအရှေ့ မျက်နှာချင်းဆိုင်ရှိ ရန်အောင်စတိုးနားတွင် ယနေ့ ဇူလိုင် ၁၄ ရက်၊ ညနေပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲရာ ကားတစ်စီး နှင့်အတူ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

•       ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကား ( ၄ )စီး ဖြင့်ရောက်လာသည့် လူအုပ်စုက မြို့တွင်းလျှောက်သွား နေကြသဖြင့် COVID 19 ကူးစက်ပျံ့ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

•       အာဏာသိမ်းစစ်ကောင်စီတပ်များကို ပြောက်ကျားစနစ်ဖြင့်သာ တိုက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်လွတ်မြောက်ရေးပါတီ SSLP/SSFF  က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်

•       တီးတိန်မြို့နယ် ကျန်းမာရေးဝန်ထမ်း CDM သမားများကို လုပ်ငန်းခွင်ပြန်ဝင်ရန် အကြောင်းကြားစာပို့၍ ခေါ်ဆောင်နေကြောင်းသိရသည်။

နေပြည်တော်

•       နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် ဝရမ်းထုတ် တရားစွဲခံထားရသည့် ကုလမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံတွင် လာရောက် တရားရင်ဆိုင်ရန် အတွက် အမေရိကန်နိုင်ငံမှ မြန်မာဘက်ကို ပြန်လွှဲပေးရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဘက်ကို ထပ်ပြီး စာပို့ထားကြောင်း စစ်ကောင်စီ ရုပ်သံမီဒီယာများက ကြေညာသည်။

•       အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်း အဝေးကို ယနေ့ အွန်လိုင်း Video Conference ဖြင့်  ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အာဆီယံက အရေးယူဆောင်ရွက်ရန် အမေရိကန်က အာဆီယံနိုင်ငံများကို ယနေ့ ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

•       လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် အပါအဝင် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း အကြီးအမှူး ၉ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည်။

ဇူလိုင် ၁၄ သုံးသပ်ချက်

•       ရန်ကုန်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း များပြားနေပြီး သေဆုံးသူအရေအတွက် မြင့်တက်နေသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးလည်ပတ်သည်ကို ပြနိုင်ရန် ဖွင့်လှစ်ထားသည့် ဌာနဆိုင်ရာ ယန္တရားများ ကိုဗစ်ကြောင့် တစ်ခုခြင်း ပြန်ပိတ်နေရသည်ကို တွေ့ရသည်။အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ကိုဗစ်အရေးတွင် စစ်ကောင်စီက အတူလက်တွဲ လုပ်ဆောင်ရန် အကူအညီတောင်းခံနေသော်လည်း နွေဦးတော်လှန်ရေ ဦးစက အကြမ်းဖက်စစ်တပ်က လူမှုကူညီရေးအဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက် ဖမ်းဆီးမှုများကြောင့် စစ်ကောင်စီနှင့် လက်တွဲ မလုပ်ဆောင်ကြသည်ကို တွေ့ရသည်။သို့သော် ပြည်သူမှ ပြည်သူသို့ဆိုသည့်အတိုင်း မိမိအဖွဲ့အစည်းအစီအစဉ်ဖြင့် ကူညီမှုများ လုပ်ဆောင်နေသည်။ အောက်စီဂျင် ဖြည့်ပေးသည့် နေရာများကို စစ်ကောင်စီက လိုက်လံတားဆီးနေသည်ကိုလည်း တွေ့ရနေဆဲဖြစ်သည်။ အတည်မပြုနိုင်သည့် သတင်းတွေအရ ရန်ကုန်က မြို့နယ်အချို့က ဆေးဆိုင်များကို စစ်ကောင်စီ တပ်များ က လိုက်လံပိတ်ခိုင်းသည်ဟု သတင်းများလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

•       မန္တလေးတွင် နေစဉ် ဖမ်းဆီးပစ်ခတ်မှုများ ရှိနေသော်လည်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြပွဲများက ရှိနေသည်။ဖြိုခွင်းခံရမှုများရှိနေသော်လည်း တစ်နေ့လုံး သပိတ်ပေါင်းစုံက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆန္ဒပြနေ သည်ကိုတွေ့ရသည်။ဒါအပြင် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် PDF များနှင့် ပျူစောထီးအဖွဲ့များ အပြန်အလှန် လုပ်ကြံမှုများလည်း ခပ်စိတ်စိတ်ဖြစ်လာနေသည်။

•       စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန္ဒပြမှုများ အားကောင်းသလို ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း အားကောင်းနေသည်။စစ်ကောင်စီက ယင်းဒေသတစ်ခုလုံးတွင် တပ်ဖြန့်ပြီး ပြည်သူများကို အကြမ်းနှိပ်စက် သတ်ဖြတ်တာများ ရှိနေသော်လည်း သပိတ်စစ်ကြောင်းများနှင့် ဆန္ဒပြမှုများရှိနေဆဲဖြစ်သည်။စစ်ကိုင်းဒေသPDFများ၏ စစ်ကောင်စီ တော်လှန်ရေး အရှိန်အဟုန် မြင့်နေသည်။ 

•       ကျန်ပြည်နယ်နှင့်တိုင်းများတွင် ဆန္ဒပြမှုများ ရှိနေသော်လည်း ရှမ်းပြည်နယ်တွင် ဆန္ဒပြမှုများ မရှိတာကို တွေမြင်ရသည်။ သို့သော် ရှမ်းအခြေစိုက် PDF များအားကောင်းလာပြီး စစ်ကောင်စီကို ပျောက်ကြားနည်းဖြင့် တော်လှန်ရန် စီစဉ်လာသည်ကို တွေ့ရသည်။

•       ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားများရှိ လာသလို စစ်အုပ်စုတပ်များကလည်း အင်အားတိုးနယ်မြေချဲ့ လာသည့် အတွက် ထိတွေတိုက်ပွဲများ ဖြစ်လာသည်ကို တွေ့ရသည်။

•       စစ်ကောင်စီနေဖြင့် နိုင်ငံတကာ စာမျက်နှာတွင် ဖိအားများနှင့် ရင်ဆိုင်နေရသလို ကပ်ရောဂါထိန်းချုပ်ရန် အတွက်လည်း မည်သည်ကောင်းမွန်သည့် အစီအမံများမရှိသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly