မြန်မာ့အရေး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန် အာဆီယံကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

မြန်မာ့အရေး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန် အာဆီယံကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး တိုက်တွန်း

ဇူလိုင် ၁၄

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး “အင်မတန် စိုးရိမ်ပူပန်လျက်” ရှိပြီး အရှေ့တောင်အာရှနိုင်ငံတွင် အကြမ်းဖက်မှု ရပ်တန့်စေရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထားရှိနိုင်ရေးအတွက် အာဆီယံနိုင်ငံများဘက်မှ ဖြေရှင်းဆောင်ရွက်သွားကြရန် အမေရိကန်ဘက်က တိုက်တွန်းကြောင်း နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၁၄ ရက်တွင် ပြောကြားလိုက်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနှင့်အတူ ဖရိုဖရဲ အခြေအနေထဲ ထိုးဆင်းထားခဲ့သည့် မြန်မာနိုင်ငံ၏ အရေးကိစ္စအတွက် အဓိကကျသည့် သံတမန်ရေးရာ အားထုတ်မှုကို ဦးဆောင်နေသည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးသည် ဇူလိုင် ၁၄ ရက်က အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများနှင့်အကြား ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် ဆွေးနွေးခဲ့စဥ် ဧပြီလက သဘောတူထားခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး “အမြန်ဆုံး ချက်ချင်း ဆောင်ရွက်ရန်” ၊ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်တစ်ဦး ခန့်အပ်ရန်တို့အတွက် ဘလင်ကန်က တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း ပရမ်းပတာ အခြေအနေတစ်ခုအောက် ရောက်နေခဲ့ပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် နယ်စပ်ဒေသများသို့ ပဋိပက္ခများ ကူးစက်နေခြင်းတို့နှင့်အတူ ဆန္ဒပြသူ ရာပေါင်းများစွာတို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံတပ်ဖွဲ့များ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးထားခဲ့ရသလို ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်သည် မြန်မာနိုင်ငံတွင် “မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံး” ကို ပြန်လွှတ်ပေးရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ထားရှိရေးတို့အတွက်လည်း တောင်းဆိုခဲ့ကြောင်း နက်ဒ် ပရိုက်စ်က ပြောသည်။

အလားတူ ဘလင်ကန်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ “ဥပဒေနှင့် မညီသော ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုပြောကြားချက်များ” ကို အမေရိကန်ဘက်မှ ပယ်ချကြောင်း အလေးပေးပြောခဲ့သလို တရုတ်၏ နိုင်ထက်စီးနင်း အကျပ်ကိုင်မှုနှင့် ရင်ဆိုင်ရချိန်တွင် တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုထုတ်ပြန်ထားသည့် အာဆီယံနိုင်ငံများနှင့်အတူ ၀ါရှင်တန်က ရပ်တည်ကြောင်း  ပြောခဲ့သည်ဟု ပရိုက်စ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly