ဗီယက်နမ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အားကောင်းစေရန် နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းဖြင့် ဆက်သွယ်ပြောကြား

ဗီယက်နမ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အားကောင်းစေရန် နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖုန်းဖြင့် ဆက်သွယ်ပြောကြား

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းတို့အကြား ဇူလိုင် ၁၁ ရက်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင် နှစ်နို်ငငံအကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတို့တွင် အောင်မြင်မှု ရရှိခြင်းများအပေါ် အိန္ဒိယဝန်ကြီးချုပ်က ချီးမွမ်းဂုဏ်ပြုစကား ပြောကြားခဲ့သည်။ အိန္ဒိယအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ယဉ်ကျေးမှု ဖလှယ်ရေးတို့တွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။

နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ၊ အခြားအဆင့်များ အကြား အကြောင်းကိစ္စရှိလာပါက လွယ်ကူခရီးရောက်သည့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မှုများကဲ့သို့ ပုံမှန် ဆက်ဆံရေး ပြုလုပ်ရန် ဝန်ကြီးချုပ်နှစ်ဦးက သဘောတူညီခဲ့ကြသည်။

၁၉၇၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှ စတင်ထူထောင်ခဲ့သည့် သံတမန်ဆက်ဆံရေးသည် ၂၀၂၂ ခုနှစ်တွင် နှစ် ၅၀ ပြည့်မည်ဖြစ်ရာ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် နှစ်နိင်ငံပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကူအညီပေးရေးအတွက်လည်း ၎င်းတို့က သဘောတူညီခဲ့ကြသည်။

ဗီယက်နမ်အတွက် ကိုဗစ်ကာကွယ်ဆေးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရရှိရန် ဝန်ကြီးချုပ်ချင်းက အကူအညီတောင်းခံခဲ့သလို ဗီယက်နမ်အတွက် ကာကွယ်ဆေး ထုတ်လုပ်သည့် နည်းပညာရရှိရန်လည်း တောင်းခံခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနီးကပ် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြန်လည်ပြောကြားခဲ့သည်။ဆွေးနွေးတိုင်ပင်သည့် နည်းလမ်းကို အကောင်းဆုံးဆက်လက်အသုံးချရန် ၎င်းတို့က သဘောတူညီခဲ့သလို စစ်ဖက်ဆိုင်ရာ စက်မှုကဏ္ဍနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ရန်လည်း သဘောတူညီခဲ့သည်။ သမရိုးကျနှင့် သမရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

ကုန်သွယ်ရေး တိုးမြှင့်ခြင်း၊နည်းပညာအတားအဆီးများ ဖယ်ရှားခြင်းနှင့် ပို့ကုန်များအပေါ် အထူးသဖြင့် ဗီယက်နမ်၏ စိုက်ပျိုးရေး ပို့ကုန်များအပေါ်တွင် ကုန်သွယ်ရေး ကာကွယ်မှုများကို လျော့ချကန့်သတ်ရေးတို့ဖြင့် နှစ်နိုင်ငံ နှစ်စဉ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၅ ဘီလျံ ရောက်ရှိရေးအတွက်လည်း သဘောတူညီခဲ့ကြသည်။

ကုန်ထုတ်လုပ်ရေး၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဖိုရမ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ လွတ်လပ်သည့် ရေကြောင်း၊ လေကြောင်းသွားလာရေး၊ နိုင်ငံတကာဥပဒေများနှင့်အညီ အငြင်းပွားမှုများကို ဖြေရှင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required