တောင်အာဖရိကမှာ သမ္မတဟောင်း ဇူးမား ထောင်ချခံရလို့ ဆူပူအုံကြွမှုတွေဖြစ်ရာ စစ်တပ် ဖြန့်ကြက်ချထား 

တောင်အာဖရိကမှာ သမ္မတဟောင်း ဇူးမား ထောင်ချခံရလို့ ဆူပူအုံကြွမှုတွေဖြစ်ရာ စစ်တပ် ဖြန့်ကြက်ချထား 
Photo - AFP

ဇူလိုင် ၁၃

တောင်အာဖရိကနိုင်ငံဟာ လူမျိုးရေးခွဲခြားမှု အဓိကရုဏ်းတွေနောက်ပိုင်း မကြုံဖူးတဲ့ လူအသေအဆုံးများတဲ့ ဆူပူအုံကြွမှုတွေရဲ့ ဒဏ်ကို ခံစားနေရပြီလို့ သမ္မတ စီရေးရာမာဖိုဆာက တနင်္လာနေ့မှာ ပြောပါတယ်။ 

သမ္မတဟောင်း ဂျက်ကော့ဇူးမား ထောင်ချခံရခြင်းကြောင့် ဖြစ်ပွားပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆူပူအုံကြွမှုတွေကို နှိမ်နင်းရာမှာ ရဲတပ်ဖွဲ့ကို အကူအညီ အထောက်အပံ့ပေးဖို့ စစ်တပ် တပ်ဖွဲ့ဝင်တွေကိုပါ သမ္မတ ရာမာဖိုဆာက တပ်ဖြန့်ချထားပြီ ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်တွေ ဖြစ်တဲ့ စီးပွားရေး အချက်အခြာမဏ္ဍိုင် ဂျိုဟန်နစ္စဘတ်ချ်မြို့ တည်ရှိရာ ဂါအော့တန်နဲ့ ဇူးမားရဲ့ မွေးရပ် ကွာဇူလူနာတဲလ်ပြည်နယ်တွေက လမ်းတွေပေါ် စစ်သားတွေကို စေလွှတ်ဖြန့်ကြက်ထားတာပဲ ဖြစ်ပါတယ်။ 

“ပြီးခဲ့တဲ့ နေ့ညတွေမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီ သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ အများပြည်သူ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေကို မြင်တွေ့ရပါတယ်”လို့ နိုင်ငံသို့ ရုပ်သံကနေ ရာမာဖိုဆာက မိန့်ခွန်းပြောပြီး အခု သူ ပြောဆိုနေတာဟာ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစားရလို့ ပြောဆိုနေတာပါလို့ ဆိုပါတယ်။ 

စတိုးဆိုင်တွေကနေ အရက်သေတ္တာတွေ၊ အိပ်ယာတွေ၊ ရေခဲသေတ္တာတွေနဲ့ ရေစည်တွေ စတဲ့ အသုံးအဆောင်ပစ္စည်း မှန်သမျှကို သယ်ယူလုယက်နေကြတဲ့ လူအုပ်ကြီးတွေကိုလည်း ဝန်ပိနေတဲ့ ရဲတွေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်တပ် မဖြန့်ကြက်ခင်မှာပဲ သေဆုံးသူ ၁၀ ဦးရှိပြီး သေနတ်ကျည်မှန်တဲ့သူ အချို့ ရှိနေကာ လူပေါင်း ၄၈၉ ဦးကို ဖမ်းဆီးထားပါတယ်။ 

ရဲစစ်ဆင်ရေးတွေကို အားဖြည့်ပေးဖို့အတွက် ကာကွယ်ရေးတပ် အမှုထမ်းတွေကို ဖြန့်ကြက်ဖို့ အခွင့်ပေးထားခဲ့ပြီဖြစ်တယ်လို့ ရာမာဖိုဆာက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်တွေအတွင်း အထက်က ပြည်နယ်နှစ်ခုမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေကို နှိမ်နင်းဖို့အတွက် ရဲတပ်ဖွဲ့ကို ကူညပေးမှာ ဖြစ်ကြောင်း စစ်တပ်ကလည်း အစောပိုင်းမှာ ပြောထားတာပါ။ အဲဒီနောက် နှစ်ရက်မြောက်မှာ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံကို ရာမာဖိုဆာက မိန့်ခွန်းပြောဆိုလာတာပဲ ဖြစ်ပါတယ်။  

အခုလို ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာဟာ တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုအတွက် ဇူးမားကို ထောင်ချတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ပြန်လည်စစ်ဆေးသုံးသပ်ဖို့ လျှောက်ထားချက်တစ်ရပ်ကို ဖွဲ့စည်းပုံခုံရုံးက ကြားနာနေချိန်လည်း ဖြစ်ပါတယ်။ ဇူးမားကို ထောင်ချတဲ့ စီရင်ချက်ကို ဆယ်နာရီကြာ စည်းဝေးပြီးနောက်မှာ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဇူးမားဟာ အာဏာရခဲ့တဲ့ ကိုးနှစ်မှာ အမည်းစက်စွန်းခဲ့တဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို မထီမဲ့မြင် ပြုခဲ့တာအတွက် နိုင်ငံရဲ့ ထိပ်တန်းတရားရုံးဖြစ်တဲ့ ဖွဲ့စည်းပုံခုံရုံးကနေ ဇွန် ၂၉ ရက်မှာ ထောင်ဒဏ် ၁၅ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဇူးမားအနေနဲ့ ပြစ်ဒဏ်ကို ကြာသပတေးနေ့နှောင်းပိုင်းမှာ စတင်ခံယူရပြီဖြစ်ပေမယ့် စီရင်ချက်ကို ပယ်ချနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly