တာလီဘန်များ ပါကစ္စတန်နိုင်ငံတွင်းသို့ ဒုက္ခသည်များအဖြစ် ဝင်လာနိုင်ဟု လုံခြုံရေး အကြံပေးအရာရှိ သတိပေး

တာလီဘန်များ ပါကစ္စတန်နိုင်ငံတွင်းသို့ ဒုက္ခသည်များအဖြစ် ဝင်လာနိုင်ဟု လုံခြုံရေး အကြံပေးအရာရှိ သတိပေး

အာဖဂန်နစ္စတန်နိုင်ငံ၏ ဆိုးရွားသည့် အခြေအနေနှင့် ပတ်သက်၍ ပါကစ္စတန်လုံခြုံရေး အကြံပေးအရာရှိ ဒေါက်တာ မိုအိဒ်ယူဆွတ်ဖ်က ပြောကြားရာတွင် အိမ်နီးချင်း အာဖဂန်နိုင်ငံ၌ ဆိုးရွားလာသည့် ပြည်တွင်းစစ်သည် တာလီဘန်များ ပါကစ္စတန်သို့ ဒုက္ခသည်များအဖြစ် ရောက်လာစေနိုင်ကြောင်း သတိပေးခဲ့သည်။

ပါကစ္စတန် ပြည်သူ့ပါတီမှ အထက်လွှတ်တော်အမတ်ရှာရီ ရေမန်ဦးဆောင်သည့် အထက်လွှတ်တော်ပြည်ပရေးရာ ကော်မတီအစည်းအဝေး၌ အာဖဂန်နစ္စတန်နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မိုအိဒ်ယူဆွတ်ဖ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကော်မတီအစည်းအဝေးသို့ အထူးဖိတ်ကြားခံရသူ အကြံပေးအရာရှိ မိုအိဒ်ယူဆွတ်ဖ်က ပါကစ္စတန်၏ ငြိမ်းချမ်းအခြေအနေကို မျှော်လင့်ချက်မရှိကြောင်း ပြောကြားသည်။

“အခြေအနေက ဆိုးနေပြီး ပါကစ္စတန်လည်း ထိန်းချုပ်လို့ မရနိုင်ဘူး” ဟု ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ကူရီရှီကလည်း အာဖဂန်တွင် နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရန် ပါကစ္စတန်အဖြစ် နည်းလမ်းရှာဖွေနေကြောင်းနှင့် ပြည်တွင်းစစ်ကို ကာကွယ်နိုင်ရန် အာဏာမျှဝေရေး သဘောတူညီချက်ရရှိရန် ဖိအားပေးနေကြောင်း ပြောကြားသည်။

အမေရိကန်တပ်များ အာဖဂန်မှ စတင်ရုပ်သိမ်းနေချိန်တွင် တာလီဘန်တို့က ပြန်လည်လှုပ်ရှားလာကာ ယခင်က ၎င်းတို့၏ ခြေကုပ်မဟုတ်ခဲ့သော နေရာများကိုပင် သိမ်းယူလာခဲ့သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၊ အီရန်၊ တရုတ်၊ တာမင်စတန်နှင့် တာဂျစ်ကစ္စတန် နယ်စပ်နေရာများကိုပင် တာလီဘန်တို့က သိမ်းပိုက်လာကြသည်။

အခြေအနေသည် ဆိုးရွားနေသော်လည်း အမေရိကန်တပ်ဖွဲ့များကို စက်တင်ဘာ ၁၁ ရက်တွင် ရုပ်သိမ်းမည့်အစား ပိုမိုစော၍ ဩဂုတ် ၃၁ ရက်တွင် အပြီးရုပ်သိမ်းမည်ဟု သမ္မတဂျိုးဘိုင်ဒင်က ဇူလိုင် ၉ ရက်တွင်ထပ်မံ ကြေညာခဲ့သည်။

အမေရိကန်အနေဖြင့် အာဖဂန်သို့ သံတမန်နှင့် စီးပွားရေး အထောက်အပံ့များကို ဆက်လက်ပေးနေမည် ဖြစ်သော်လည်း အာဖဂန်ပြည်သူများအနေဖြင့် ၎င်းတို့အနာဂတ်ကို ဆုံးဖြတ်ရန် ပြည်သူများနှင့် ခေါင်းဆောင်များ တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ အာဖဂန်အား နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ပေးရေးသည် အမေရိကန် နိုင်ငံ၏ အလုပ်တာဝန်မဟုတ်ကြောင်းလည်း ဘိုင်ဒင်က ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly