လူမျိုးတုန်းသတ်မှု တားဆီးရေး အမေရိကန်၏ အစီရင်ခံစာထဲတွင် မြန်မာ၊ တရုတ်၊ အီသီယိုးပီးယားတို့ကို ထည့်သွင်း သတိပေးထား

By Economic Times
13 July 2021
လူမျိုးတုန်းသတ်မှု တားဆီးရေး အမေရိကန်၏ အစီရင်ခံစာထဲတွင် မြန်မာ၊ တရုတ်၊ အီသီယိုးပီးယားတို့ကို ထည့်သွင်း သတိပေးထား

ဇူလိုင် ၁၃

သမ္မတ ဂျိုးဘိုင်ဒင် ဦး‌ဆောင်သည့် အမေရိကန်အစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာ၊ အီရစ်ထရီးယား၊ တောင်ဆူဒန် နှင့် အီသီယိုးပီးယား နိုင်ငံတို့ကို ယင်းတို့ ပါ၀င်ပတ်သက်ထားခဲ့သည့် ပဋိပက္ခတိုက်ပွဲများအတွင်း လူမျိုးတုန်းသတ်မှု ရှိသည်ဆိုသည့် ကိစ္စရပ်များအတွက် ယင်းနိုင်ငံများအပေါ် ဖြစ်နိုင်ခြေရှိ နောက်ထပ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်နိုင်ကြောင်း သတိပေးသွားခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ အနောက်မြောက် ရှင်ကျန်းဒေသရှိ ၀ီဂါ မွတ်ဆလင်များနှင့် အခြားလူနည်းစုများအပေါ် ဖိနှိပ်မှုများအတွက် တရုတ်ကိုလည်း လူမျိုးတုန်းသတ်မှု စွပ်စွဲချက်များဖြင့် ယခုအစီရင်ခံစာထဲတွင် ထပ်မံ စွပ်စွဲထားခဲ့သည်။

လူမျိုးတုန်းသတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ တားဆီးရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ နှစ်စဥ်ထုတ်ပြန်နေကျ အစီရင်ခံစာထုတ်ပြန်မှုနှင့်အတူ အမေရိကန်အစိုးရက အထက်ပါ မက်ဆေ့ချ်များကို ပေးခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာတ၀န်းမှာ လူ့အခွင့်အ‌ရေးနဲ့ပတ်သက်လို့ ခုခံကာကွယ်မှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်၊ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးရေးဟာ အဓိကကျတဲ့ အမျိုးသားလုံခြုံရေး အကျိုးတရားတစ်ခုဖြစ်သလို အဓိကကျတဲ့ ကျင့်၀တ်ဆိုင်ရာ တာ၀န်၀တ္တရားတစ်ခု ဖြစ်တယ်လို့လည်း ခံယူထားပါတယ်” ဟု အမေရိကန်အစိုးရက ပြောသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်မှုအတွက် အန္တရာယ် ဆက်ရှိနေဆဲဖြစ်ကြောင်း အဆိုပါ အမေရိကန်၏ အစီရင်ခံစာထဲတွင် ပြောထားသည်။  မြန်မာတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှု အပါအ၀င် ဖေဖေါ်၀ါရီလ  အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှု ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခြင်းများ အပါအ၀င် ဖိနှိပ်မှု ပေါင်းစုံ ရပ်တန့်စေရေးအတွက် မြန်မာအာဏာသိမ်းစစ်တပ်ကို ဖိအားပေးရန် အမေရိကန်အနေဖြင့် ယင်း၏ မဟာမိတ်များ၊ ပါတနာများဖြင့် ဆက်လက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly