မကြုံစဖူး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေအတွက် အမေရိကန်ကို ကျူးဘား အပြစ်တင် 

မကြုံစဖူး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေအတွက် အမေရိကန်ကို ကျူးဘား အပြစ်တင် 
Photo - AFP

ဇူလိုင် ၁၃

မကြုံစဖူး အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်ရဲ့ ‘စီးပွားရေး နစ်မွန်းအောင် လုပ်ဆောင်မှု ပေါ်လစီ’ကြောင့် ဖြစ်ရတယ်ဆိုပြီး ကျူးဘားနိုင်ငံက တနင်္လာနေ့မှာ အပြစ်တင်ပြောဆိုပါတယ်။ ကွန်မြူနစ်ကျွန်းနိုင်ငံ ကျူးဘားမှာ ‘ဆယ်စုနှစ်တွေကြာ ဖိနှိပ်မှုတွေ’ အဆုံးသတ်ရေး တောင်းဆိုတာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထောက်ခံအားပေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေမှာ ကျူးဘားပြည်သူ ထောင်ပေါင်းများစွာ ပါဝင်ကြပြီး “အာဏာရှင်စနစ် ကျဆုံးရေး” ကြွေးကြော်ကြရာမှာ သမ္မတ မီဂွယ်ဒီယက်ဇ်ကနဲလ်ကတော့ ထောက်ခံသူတွေကို တန်ပြန်ဆန္ဒပြကြဖို့ တိုက်တွန်းဆော်ဩခဲ့ပါတယ်။ 

လျှပ်စစ်ဓာတ်အားနဲ့ စားနပ်ရိက္ခာ ရေရှည်ပြတ်လပ်မှုန့အတူ နှစ် ၃၀ အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ဆိုက်နေတဲ့ နိုင်ငံတွင်းမှာ အစိုးရဆန့်ကျင်စုရုံးဆန္ဒပြမှုတွေဟာ ရုတ်တရက် မီးထတောက်သလို မြို့အချို့မှာ ကောက်ကာငင်ကာ ဖြစ်ပွားပေါ်ပေါက်ခဲ့တာပါ။ 

ကျူးဘားနိုင်ငံမှာ တစ်ခုတည်းသော ခွင့်ပြုချက်ရ လူထုစုရုံးမှုဟာ အာဏာရကွန်မြူနစ်ပါတီရဲ့ ပုံမှန် အခမ်းအနားတွေအတွက်ပဲ ရှိနေတာ ဖြစ်ပေမယ့် တနင်္ဂနွေနေ့မှာ ဆန္ဒပြစုရုံးမှုပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ အချက်အလက်သတင်းပညာဝက်ဘ်ဆိုက် Inventario အရ သိရပါတယ်။ 

လူအုပ်ကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ လူစုခွဲပြီး အနည်းဆုံး ဆယ်ဦးကို ဖမ်းဆီးခဲ့သလို ဆန္ဒပြသူတွေကို ပလတ်စတစ်ပိုက်မာတွေနဲ့ တာဝန်ရှိသူတွေက ရိုက်နှက်ကြတာကို အေအက်ဖ်ပီသတင်းထောက်တွေ မျက်မြင်တွေ့ခဲ့ရပါတယ်။ 

အမေရိကန် လက်ကိုင်ပြုကျင့်သုံးနေတဲ့ ‘စီးပွားရေး နစ်မွန်းရေးပေါ်လစီကြောင့် နိုင်ငံတွင် လူမှုမတည်ငြိမ်မှုတွေ ဖြစ်ရတယ်”လို့ ဆူပူအုံကြွမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဒီယက်ဇ်ကနဲလ်က အပြစ်ဆိုပါတယ်။ တန်ပြန်ဆန္ဒပြကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းချက်အရ တန်ပြန်ဆန္ဒပြပွဲတွေကို လူထောင်ပေါင်းများစွာက ဆင်နွှဲလာပြီးတဲ့နောက်မှာ သမ္မတဒီယက်ဇ်ကနဲလ်က “အစိုးရဆန့်ကျင်သူတွေအနေနဲ့ ထိုက်တန်တဲ့ တုံ့ပြန်မှုကို ခံစားရမယ်”လို့ ပြောဆိုပါတယ်။ 

ကျူးဘားနိုင်ငံဟာ ၁၉၆၂ နှစ်ကစလို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတာ ဖြစ်ပါတယ်။ 

ဝါရှင်တန်ကနေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကျူးဘားအစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို နားထောင်ဖို့ ပြောဆိုတိုက်တွန်းပါတယ်။ 

“ကျူးဘားပြည်သူတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်နေပါတယ်။ လွတ်လပ်ခွင့်၊ ကပ်ဘေးရဲ့ ဝမ်းနည်းဖွယ်ရာ ဖိစီးနေမှု၊ ဆယ်စုနှစ်တွေကြာ ဖိနှိပ်မှုတွေနဲ့ ကျူးဘားအာဏာပိုင်တွေကြောင့် ဖြစ်ရတဲ့ စီးပွားရေးနစ်မွှန်းမှုတွေက သက်သာရာရရေး ကျူးဘားပြည်သူတွေရဲ့ ကျယ်လောင်စွာ တောင်းဆိုသံတွေကို ကျွန်တော်တို့ အလေထားတယ်”ဆိုပြီး ထုတ်ပြန်ချက်မှာ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

“အမေရိကန်အနေနဲ့ ကျူးဘားအာဏာပိုင်အုပ်ချုပ်သူတွေကို တိုက်တွန်းတယ်၊ ပြည်သူတွေကို မျက်မှောက်ပြုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ ကိုယ်ကိုကို ချမ်းသာအောင် လုပ်နေတာထက် ပိုပြီး အရေးကြီးတယ်ဆိုတာ တိုက်တွန်းပြောဆိုတယ်”ဆိုပြီး ဂျိုးဘိုင်ဒင်က ဖြည့်စွက်ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly