လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

By မဇ္ဈိမ
12 July 2021
လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

ဇူလိုင် ၁၂

လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ (ဇူလိုင်လ ၁၂ ရက်) နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

“လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့ သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တချို့လူတွေဟာ  သုံးစွဲထားတဲ့ လျှပ်စစ်မီတာခ အကြွေးတွေကို မပေးဆောင်ချင်တဲ့အတွက်  “ပွဲလန့်တုန်းဖျာခင်း” တဲ့ ပုံစံမျိုး လုပ်ဆောင်နေကြတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီဝင်ငွေရမယ့် လျှပ်စစ်မီခတွေကို ငါးလနီးပါးကြာ မပေးဆောင်ဘဲ ပြည်သူတွေက သပိတ်မှောက်နေကြတာ ဖြစ်သလို စစ်ကောင်စီကလည်း လျှပ်စစ်မီတာခတွေကို ပေးဆောင်ကြဖို့ အတင်းအကျပ်ဖိအားပေးနေပါတယ်။

လျှပ်စစ်မီတာခ မပေးဆောင်တဲ့ နေအိမ်တိုက်ခန်းတွေကို အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက် လိုက်တာတွေ လုပ်ဆောင်နေသလို မီတာရုံးတချို့မှာ ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေလည်း ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly