ချင်းနှင့် ပအိုဝ်းအဖွဲ့တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း

ချင်းနှင့် ပအိုဝ်းအဖွဲ့တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း

ချင်းမိုင်(မဇ္ဈိမ) ။           ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ်း အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

UNFC အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး ဒုတိယနေ့တွင် တရားဝင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး လစ်လပ်နေသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာများအတွက်လည်း ရွေးချယ်ခန့်အပ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၀၊ ၁၁၊၁၂ ရက်များတွင် ကျင်းခဲ့သော UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ် အစည်းအဝေးတွင် ၎င်းအဖွဲ့ နှစ်ဖွဲ့အား ယာယီရပ်ဆိုင်းရန် ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာလ ၈ ရက် ကျင်းပသော နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့တွင် တရားဝင်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ချင်းနဲ့ ပအိုဝ်းတွေကို ကျနော်တို့က ယာယီရပ်ဆိုင်းထားတဲ့ဟာကို ဆက်ပြီးတော့ အတည်ပြုလိုက်တယ်။ သူတို့ကို ဆက်ပြီး ယာယီရပ်ဆိုင်းထားတဲ့အနေအထားမှာ ရှိမှာပေါ့။ လစ်လပ်သွား တဲ့နေရာနှစ်ခုကို ဒီမနက်ဘဲ ရွေးချယ်လိုက်ပြီ။” ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က UNFC ၏ အရေးပေါ်အစည်းအဝေးတွင် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးနှင့် အားလုံး မပါဝင်နိုင်ပါက မပါဝင်သေးသည့် အဖွဲ့အစည်းများအတွက် အာမခံချက် ရရှိရေးကို ရပ်တည်သွားရန် သဘောတူဆုံးဖြတ်ခဲ့သော်လည်း အောက်တိုဘာလ ၁၅ ရက်တွင် CNF နှင့် PNLO တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို လက်မှတ်ရေးထိုးလိုက်သဖြင့် ယာယီရပ်ဆိုင်းရခြင်းဖြစ်သည်ဟု အဖွဲ့၏ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့အခါကြရင် အားလုံးပါဝင်ရေးမူကို ရပ်တည်ဖို့၊ တကယ်လို့ အားလုံး မပါဝင်သေး ရင် မပါနိုင်တဲ့အဖွဲ့တွေကို အာမခံချက်ရှိဖို့ တောင်းဖို့၊ နားလည်မှု ရတော့မှဘဲ လက်မှတ်ထိုးမယ်ဆိုပြီးတော့ UNFC က ချမှတ်ထားတယ်။ တပ်ပေါင်းစုဆိုတာ စုစုစည်းစည်းနဲ့ပေါ့ဗျာ။ တပ်ပေါင်းစုရဲ့ မူအပေါ်မှာ ရပ်တည်ရမှာကိုး။ သူတို့က အဲဒီအပေါ်မှာ လွန်သွားတယ်ဆိုတဲ့ အနေအထားပေါ်မှာ ကျနော်တို့ လုပ်တာဖြစ်တယ်။” ဟု နိုင်ဟံသာက ပြောသည်။

UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်သဖြင့် ထိုအဖွဲ့နှစ်ဖွဲ့မှ တာဝန်ယူထားသော လစ်လပ်နေသော တွဲဘက် အတွင်းရေးမှူး (၁) နှင့် (၂) နေရာများအတွက်လည်း ဗဟိုကော်မတီဝင်များအား အစားထိုး ခန့်အပ်လိုက်သည်။

မူလက UNFC ၏ တွဲဘက်အတွင်းရေးမှူး တာဝန်ယူထားသော PNLO ၏ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ နေရာတွင် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ကိုထွန်းဇော်နှင့် တွဲဘက်အတွင်းရေးမှူး (၂) ကို တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PSLF) မှ တာပန်လ တို့ကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်လိုက်သည်ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အတွက် လျာထားသော UNFC ၏ ဒုဥက္ကဌနှင့် ဗဟိုကော်မတီဝင် ၂ နေရာကို ပယ်ဖျက်လိုက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၀ ဦးဖြင့် ပြန်လည် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

၂၀၁၁ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC တွင် ပြီးခဲ့သည့်နှစ်က KNU ကလည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး၊ ယခု CNF နှင့် PNLO ကိုလည်း အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းလိုက်ပြီး အဖွဲ့ ၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးနေခြင်းဖြစ်သည်။

လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်တစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLF)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ လားဟူဒီမိုကရက်တစ်ပါတီ (LDP) တို့ အဖွဲ့ဝင် အဖြစ် ကျန်ရှိနေသည်။

UNFC အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားသော ဇိုမီးပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့ (ZRO) ကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံ၊ မလက်ခံ ဆက်လက်ဆွေးနွေးသွားမည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၇ ရက်မှ ၁၀ ရက်နေ့ထိ ကျင်းပမည့် UNFC နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်ရှိအစိုးရနှင့် ဆက်လက် ဆွေးနွေးနိုင်ရေး၊ အစိုးရအသစ်နှင့် ဆက်လက်ဆွေးနွေးနိုင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags