ကျူးဘားမှာ မကြုံစဖူး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

ကျူးဘားမှာ မကြုံစဖူး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်
Photo - AFP

ဇူလိုင် ၁၂

ကျူးဘားနိုင်ငံမှာ ထောင်နဲ့ချီတဲ့ နိုင်ငံသားတွေဟာ ဇူလိုင် ၁၁ ရက်က နိုင်ငံရဲ့ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ ကြုံတောင့်ကြုံခဲ ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ကြရင်း “အာဏာရှင် ကျဆုံးပါစေ” ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာလည်း သမ္မတ မီဂွယ် ဒီယက်ဇ် ကနဲလ်ကတော့ အဆိုပါဆန္ဒပြသူတွေကို တန်ပြန်ရင်ဆိုင်ကြဖို့ ၎င်းကို ထောက်ခံတဲ့သူတွေကို ဆော်သြခဲ့ပါတယ်။

ယင်းနိုင်ငံမှာ လျှပ်စစ်မီးနဲ့ အစားအစာ ပြတ်‌တောက်မှုတွေနဲ့အတူ နှစ် ၃၀ အတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ မြို့ကြီးတစ်ချို့မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကောက်ကာငင်ကာဆိုသလို ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော် ဟာဗားနားဆီ ချီတက်ခဲ့ကြပြီး “ငါတို့ လွတ်လပ်မှု လိုချင်တယ်” ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ ကက်ပီတယ်အဆောက်အအုံ အပြင်ဘက် စုစည်းရောက်ရှိခဲ့ကြပြီးနောက်မှာတော့ အာဏာပိုင်တွေဟာ ရဲနဲ့ စစ်တပ်ကို ဖြန့်ကျက်ချထားခဲ့ပါတယ်။

ယင်းနောက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ရာမှာ ရဲတွေဟာ မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး လူစုခွဲခဲ့ပါတယ်။ အနည်းဆုံး လူ ၁၀ ဦး အဖမ်းခံခဲ့ရသလို ရဲတွေဘက်က ပလတ်စတစ် ပိုက်ချောင်းတွေနဲ့ ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့တာကိုလည်း အေအက်ဖ်ပီ ဂျာနယ်လစ်တွေက တွေ့ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ပြီး မကြာခင်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာခဲ့တာဖြစ်ပြီး သမ္မတ ဒီယက်ဇ် ကနဲလ်ဟာ ပါတီ တက်ကြွလှုပ်ရှားသူတွေ ခြံရံလျက် မြို့ထဲကို ရောက်ရှိခဲ့တယ်လို့ အွန်လိုင်းပေါ် တင်တဲ့ ဗီဒီယိုတွေအရ သိရပါတယ်။

ကျူးဘားသမ္မတဟာ ရုပ်သံမိန့်ခွန်းတစ်ခု ပြောခဲ့ပြီး “‌တော်လှန်ရေးသမား အင်အားစုတို့ရေ၊ လမ်းတွေပေါ် ထွက်လာကြပြီး သူတို့ကို ရင်ဆိုင်တိုက်ကြဖို့ ကျုပ် အမိန့်ပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

ယင်း‌နောက် အစိုးရ ထောက်ခံတဲ့ အင်အားစုတွေဟာလည်း ဟာဗားနားမြို့မှာ တန်ပြန် ဆန္ဒပြမှုတစ်ချို့ကို လုပ်ခဲ့ကြပါတယ်။

နိုင်ငံတ၀န်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဆိုရှယ်မီဒီယာမှာ မြင်တွေ့ခဲ့ရပြီး ယင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကျမှ စတင်အသုံးပြုထားနိုင်ခဲ့တဲ့ မိုဘိုင်း အင်တာနက်ဟာလည်း ဇူလိုင် ၁၁ ရက် နေ့လည်ပိုင်းမှာ အများအားဖြင့် ဖြတ်တောက်ခံခဲ့ရပါတယ်။

ခုလို ကျူးဘားမှာ ဖြစ်ပွားတဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ အမေရိကန်ကလည်း မဆိုင်းမတွ တုံ့ပြန်ခဲ့ပြီး ကျူးဘားမှာ တိုက်ပွဲ၀င်ဖို့ တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်။

လက်တင်အမေရိကဆိုင်ရာ အမေရိကန် အဆင့်မြင့်သံတမန် ဂျူလီ ချန်းက “မိမိတို့အနေနဲ့ ကျူးဘားပြည်သူတွေရဲ့  ငြိမ်းချမ်းစွာ စုဝေးမှု အခွင့်အရေးအတွက် ရပ်တည်ထောက်ခံပါတယ်၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေဖို့ မိမိတို့တောင်းဆိုသလို ဘယ်လို အကြမ်းဖက်မှုမျိုးမဆို အပေါ် မိမိတို့ ရှုတ်ချပါတယ်”လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly