ခင်ပွန်းဖြစ်သူ လုပ်ကြံခံရပေမယ့် နိုင်ငံရဲ့ လမ်းကြောင်းမပျောက်စေအောင် ၀ိုင်း၀န်းကြိုးစားကြဖို့ ဟေတီသမ္မတကတော် ပန်ကြား

ခင်ပွန်းဖြစ်သူ လုပ်ကြံခံရပေမယ့် နိုင်ငံရဲ့ လမ်းကြောင်းမပျောက်စေအောင် ၀ိုင်း၀န်းကြိုးစားကြဖို့ ဟေတီသမ္မတကတော် ပန်ကြား
Photo - AFP

ဇူလိုင် ၁၁

ဟေတီနိုင်ငံမှာ သမ္မတ ယိုဗနယ် မွိုက်စ် လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်မသေဘဲကျန်ရစ်ခဲ့တဲ့ သမ္မတကတော် မာတင် မွိုက်စ်က ၎င်းတို့ တိုက်ခိုက်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၀ ရက်မှာ လူအများထံ အသံဖိုင်တစ်ခုနဲ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ သမ္မတ ယိုဗနယ် မွိုက်စ် လုပ်ကြံခံရပေမယ့် ဟေတီနိုင်ငံ ဦးတည်သွားနေတဲ့ လမ်းမပျောက်စေဖို့အတွက် သမ္မတကတော်က ပန်ကြားသွားခဲ့ပါတယ်။

“ဘုရားသခင် ကျေးဇူးတော်ကြောင့် ကျွန်မ အသက်ရှင်နေပါတယ်” လို့ မာတင် မွိုက်စ်က သူမရဲ့ ခင်ပွန်းဖြစ်သူ လုပ်ကြံခံရပြီးနောက် သုံးရက်အကြာမှာ သူမရဲ့ တွစ်တာအကောင့်ကနေ အသံဖိုင်တစ်ခု တင်ပြီး ပြောခဲ့ပါတယ်။

“ကျွန်မကတော့ အသက်ရှင်နေပေမယ့် ကျွန်မခင်ပွန်းကိုတော့ ဆုံးရှုံးခဲ့ရပါပြီ” လို့ သူမက ပြောပါတယ်။

အသံဖိုင်ဟာ သမ္မတကတော်ရဲ့ အသံဖိုင် စစ်မှန်ကြောင်း ဟေတီ ယဉ်ကျေးမှုနဲ့ ဆက်သွယ်ရေး၀န်ကြီး ပရာဒဲလ် ဟင်းနရစ်ကလည်း အေအက်ဖ်ပီကို အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က တိုက်ခိုက်ခံရပြီးနောက် မာတင် မွိုက်စ်ကို ဟေတီဆေးရုံတစ်ခုဆီ ချက်ချင်းပို့ဆောင်ခဲ့ရပြီး ယင်းနောက် ဆေးကုသမှုအတွက် မိုင်ယာမီကို ပြောင်းရွှေ့ပို့ဆောင်ခဲ့ပါတယ်။

ဟေတီ အာဏာပိုင်တွေရဲ့ အဆိုအရ ကိုလံဘီယာနိုင်ငံသား ၂၆ ဦးနဲ့ ဟေတီ- အမေရိကန် နိုင်ငံသားနှစ်မျိုးခံယူထားသူ နှစ်ဦး အပါအ၀င် လက်နက်ကိုင်ကွန်မန်ဒို ၂၈ ဦးဟာ ယင်းနေ့က ဟေတီသမ္မတ နေအိမ်ထဲ ၀င်ရောက်ပြီး သမ္မတနဲ့ သမ္မတကတော်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ၁၇ ဦးကို ဖမ်းဆီးထားပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ပါ၀င်ပတ်သက်တဲ့ လူတစ်ချို့ လွတ်နေဆဲလို့ ဟေတီရဲတွေက ပြောပါတယ်။ လုပ်ကြံမှုနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက် တစုံတရာကို လူအများကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

“မျက်တောင်တခတ်အတွင်းမှာပဲ ကြေးစားစစ်သားတွေ ကျွန်မတို့ အိမ်ထဲ ၀င်လာကြပြီး ကျွန်မခင်ပွန်းကို ပစ်သွားကြတယ်၊ သူ့ကို စကားတစ်လုံးတောင် ပြောခွင့်မပေးခဲ့ကြဘူး” လို့ မာတင် မွိုက်စ်က အသံဖိုင်ထဲမှာ ပြောထားပါတယ်။

“ကျွန်မ ငိုပဲ ငိုနေမိတယ်၊ ဒါက တကယ်ပဲ ဖြစ်သွားခဲ့ပါပြီ၊ ဒါပေမယ့် ကျွန်မတို့ဟာ ကျွန်မတို့ နိုင်ငံကို လမ်းကြောင်းပျောက်သွားတာမျိုး အဖြစ်ခံလို့ မရပါဘူး၊ ကျွန်မခင်ပွန်းရဲ့ သွေးတွေ အချည်းနှီးဖြစ်စေလို့ မရပါဘူး” လို့ သူမက ပြောသွားခဲ့ပါတယ်။

ယခုလို ဟေတီသမ္မတ လုပ်ကြံခံရမှုကြောင့် အရင်ကတည်းက အကျပ်အတည်းဖြစ်နေတဲ့ ဆင်းရဲတဲ့ နိုင်ငံကို ၀ရုန်းသုန်းကားအခြေအနေဆီ ထိုးဆင်းကျစေခဲ့ပါတယ်။

နိုင်ငံရေး အနာဂတ် မရေမရာဖြစ်နေပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ ကာရစ်ဘီယန်ကျွန်းနိုင်ငံမှာ ယခုနှစ်ကုန်မှာ ကျင်းပဖို့ စီစဥ်ထားတဲ့ သမ္မတနဲ့ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွေ ဆက်ကျင်းပဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly