ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှာ မနေ့က ထွေအုပ်ရုံးဝန်ထမ်းတစ်ယောက် ခေါင်းဖြတ်အသတ်ခံရပြီး ဘယ်သူက ဘာကြောင့် ပြုလုပ်တယ်ဆိုတာ ခုချိန်ထိမသိရသေးပါဘူး။
ထွေအုပ်ရုံးဝန်ထမ်း ကိုချပ်ပြားဆိုသူကို အသတ်ခံရတာဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဘက်ကလည်း ဘာမှထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။
တန့်ဆည် ဒေသခံတစ်ယောက်ကတော့ “ ဘယ်သူက ဘာကြောင့်လုပ်တာလဲဆိုတာ ကျွန်တော်တို့လည်းမကြားရသေးဘူး။ PDF ကလုပ်တာဆိုရင်တော့ ပေါ်တင်ကြေညာတယ်။ အခုက သူတို့လဲမကြေညာဘူးဆိုတော့ ဘယ်သူ့လက်ချက်ဆိုတာ မပြောနိုင်ဘူးဖြစ်နေတယ်” လို့ ဆိုပါတယ်။
သေဆုံးသူဟာ မနေ့က ရွာတစ်ရွာကို သက်ကြီးထောက်ပံ့ကြေးကိစ္စနဲ့ပက်သက်လို့သွားရောက်ခဲ့ပြီး အဆက်အသွယ်ပြတ်တောက်သွားကာ ဇူလိုင် ၈ရက်နေ့ ညဦးပိုင်းရောက်မှ သေဆုံးနေတာကို သိရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ ကိုချပ်ပြားရဲ့အလောင်းကို တာဝန်ကျရာ ဆင်ငယ်ကျေးရွာမှာ နာရေးချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။