မူဆယ်မြို့တွင် ၂ရက်အတွင်း ကိုဗစ်ပိုးကူးစက်သူ ၁၀၀ကျော်အထိ ရှိလာ

မူဆယ်မြို့တွင် ၂ရက်အတွင်း ကိုဗစ်ပိုးကူးစက်သူ ၁၀၀ကျော်အထိ ရှိလာ
ပုံ-မူဆယ်မြို့လူမှုကူညီကယ်ဆယ်ရေးအသင်းများ

ဇူလိုင် ၉

ကျန်းမာရေး၀န်ထမ်းနှင့်ကုသဆောင်လုံလောက်မှုမရှိသည့် အခက်အခဲကြုံတွေ့နေ သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် နှစ်ရက်အတွင်း COVID-19 ပိုးကူးစက်သူ ၁၀၀ ကျော်ဖြစ်လာ၍ ယခု ကိုဗစ်တတိယလှိုင်းအတွင်းစုစုပေါင်းလူနာ ၃၀၀ ကျော်လာပြီဖြစ်ကြောင်း မူဆယ်မြို့လူမှုကူညီကယ်ဆယ်ရေးအသင်းမှမဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၇ရက်က ၅၀ ဦးနဲ့ ဇူလိုင်လ ၈ရက်က ၆၁ ဦးရှိပြီး နှစ်ရက်အတွင်း ၁၁၁ဦး တွင် ကိုဗစ်ပိုး တွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ကူးစက်မှုနှုန်းပိုမိုမြှင့်တက်လာသည့်အတွက် မူဆယ်ရှိ ဆေးရုံအသစ်၊ဆေးရုံအဟောင်းတို့တွင် လူနာများပြည့်ကြပ်လာသောကြောင့် တရုတ်စာသင်ကျောင်းသို့ လူနာအသစ်များထားရှိနေရခြင်း၊ ကျန်းမာရေး၀န်ထမ်းနှင့် ကုသဆောင်မလုံလောက်သည့် အခက်အခဲများဖြစ်နေကြောင်းသိရသည်။ 

"မနေ့ကတစ်ရက်ထဲကို ပိုးတွေ့သူ ၆၁ ယောက် တနေ့က အယောက် ၅၀ပါ။ ပိုပိုတိုးလာတာပါ။ဆေးရုံတာ၀န်ခံကိုလဲ CDM လုပ်လို့ဖမ်းထားတာ ပြန်လွှတ်ပေးဖို့တောင်းဆိုတာ အခုထိမလွှတ်ပေးသေးတော့ အခက်အခဲဖြစ်နေတယ်။ ဆရာ၀န်၊သူနာပြုတွေလဲ CDM လုပ်ကြတော့ မူဆယ်ခရိုင်ဆေးရုံမှာ ကျန်းမာရေး၀န်ထမ်း အ‌ယောက် ၁၀၀ ကျော်ရှိတာ အခုဆို ၂၉ ယောက်ပဲ အ၀င်စာရင်းပြထားတော့ မလုံလောက်ဘူးဖြစ်နေတယ်။ အခုက ကာစတန်ရုံးကဖြစ်ရင် ကာစတန်ရုံးမှာပဲထားတယ်။ နယ်စပ်ကုန်သွယ်ရေးရုံးကပိုးတွေ့ရင် အဲ့ဒီရုံးမှာပဲလူနာထားရတယ်။ အယောက် ၃၀၀ ကျော်ပိုးတွေ့ဆိုတော့ပေမယ့် အိမ်မှာကြိတ်ကုကြတဲ့သူတွေက ဒီထက်မက အရေအတွက်များတယ်"ဟု မူဆယ်မြို့လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာ၀န်ခံကပြောသည်။

 အောက်ဆီဂျင်စက်လုံလောက်မှုရှိစေရန် ယခုရက်ပိုင်းအတွင်း လူမှုကူညီရေးအသင်းအဖွဲ့များမှစီစဉ် ထားပင်မယ့် ယနေ့ ဇူလိုင်လ ၉ ရက်အကူး မနက် ၂ နာရီကျော်တွင် လူနာတစ်ဦးသည် အောက်ဆီဂျင်လိုအပ်နေသည်ဟုလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း အချိန်မမှီလိုက်သောကြောင့်ယနေ့နံနက်တွင် Covid-19 ရောဂါဖြင့်သေဆုံးသွားကြောင်း၎င်းကဆိုသည်။ 

မူဆယ်မြို့တွင်ယမန်နေ့က ၆၁ ဦးပိုးတွေ့လူနာများအနက် အကြမ်းဖက်စစ်ကောင်စီမှခန့်အပ်ထားသည့် ခရိုင်အုပ်ချူပ်ရေးမှူး၊မြို့နယ်ရဲမှူး၊နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊မြို့နယ်စီ/ခန့်အုပ်ချူပ်ရေးမှူးအမျိူးသမီးတို့ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်မြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်သူ ပို၍တိုးလာသဖြင့် နှစ်နိုင်ငံ နယ်စပ်တွင်ကုန်တင်ယာဉ်ကြီးများဝင်ထွက်ရန် ဖွင့်လှစ်ထားပေးထားသော ဝမ်တိန်စီရင်စုကျင်စန်ကျော့နှင့်ပန်ဆိုင်းဂိတ်ပေါက်(၂)ပေါက်ကို ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင်ရက်အကန့်အသတ်မရှိ တရုတ်ပြည်ဘက်မှအ၀င်ပိတ်လိုက်ကြောင်း တရုတ်နိုင်ငံအစိုးရမှကြေညာခဲ့သည်။ 

ထိုသို့အ၀င်ပိတ်ပင်မှုကြောင့် မူဆယ်- ကျယ်ခေါင်-ရွှေလီတွင် ပြည်ပ ကုန်စည်စီးဆင်းမှု ယာယီရပ်တန့်သွားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်တင်ယာဥ်များ၊ အွန်လိုင်းမှဈေးရောင်းဈေး၀ယ်လုပ်ငန်းလုပ်ကိုင်ကြသောပြည်သူများ အခက်အခဲဖြစ်သွားကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly