မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးတွင် ဗုံးပေါက်

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးတွင် ဗုံးပေါက်

ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးမှာ ဒီနေ့ ဇူလိုင်လ ၉ ရက်၊ မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာဒုံမြို့နေပြည်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ကနဦး သိရပါတယ်။ 

“ဒီနေ့မနက် ၄ နာရီခွဲလောက်က ဗုံးပေါက်တာ အသံအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်။ ပြီးတော့ လျှပ်စစ်ရုံးရဲ့ အဝင်ဝတံခါးကတော့ ပျက်စီးသွားတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ အဲ့နေရာကို သွားကြည့်လို့မရဘူး။ အစစ်အဆေးတွေရှိတယ်။ စကစတွေလည်း ရောက်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့နယ်လျှပ်စစ်မီတာရုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က မီတာခတွေ ပေးဆောင်ဖို့ ရပ်ကွက်အတွင်း လိုက်လံကြေညာတာ၊ အိမ်တွေမှာ မီတာခတွေ ပေးဆောင်ဖို့ လိုက်ပြောတာတွေရှိခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာ မီတာခမပေးဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်လံဖြတ်တောက်တာတွေ လုပ်ခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၉ရက် မနက် ၁၁ နာရီအထိ သတင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ်လျှပ်စစ်မီတာရုံး၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းက လျှပ်စစ်မီတာရုံး၊ စမ်းချောင်းမြို့နယ်က လျှပ်စစ်မီတာရုံး စတဲ့ နေရာသုံးနေရာလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မီတာရုံးတွေမှာ  ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဦးက နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့  ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ပြည်သူတွေအပေါ် လျှပ်စစ်မီး မီတာခ ပေးဆောင်ဖို့ အတင်းအကြပ် ဖိအားပေး ကောက်ခံနေသူတွေကို စစ်ကောင်စီ ဝင်ငွေရအောင် ကြိုးပမ်းဆောင်ရွက်နေသူတွေအဖြစ် သတ်မှတ်ပြီး ထပ်မံဖိအားပေး ကောက်ခံနေရင် အသက်ကိုအာမ မခံနိုင်ဘူးလို့ မြို့ပြပြောက်ကျားတပ်ဦး (UGRF) က ဇူလိုင်လ ၈ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly