အာဖဂန်မှာ ပြည်နယ်မြို့တော်တစ်ခုကို တာလီဘန်တွေ ထိုးစစ်ဆင် 

အာဖဂန်မှာ ပြည်နယ်မြို့တော်တစ်ခုကို တာလီဘန်တွေ ထိုးစစ်ဆင် 
Photo - AFP

ဇူလိုင် ၈ 

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန် တပ်တွေ နောက်ဆုံးအသုတ် စတင်ရုပ်သိမ်းချိန်ကစလို့ ပထမဆုံးအဖြစ် တာလီဘန်တွေဟာ ပြည်နယ်မြို့တော်တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ အကြီးစားထိုးစစ်ဆင်ပါတယ်။ 

ဘတ်ဒ်ဂဟစ်ပြည်နယ်ရဲ့ မြို့တော် အနောက်ပိုင်း ကာလာအီနောမြို့မှာ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပွားပြီး တာလီဘန်တွေက ရဲဌာနချုပ်နဲ့ နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီရုံးတွေကို သိမ်းပိုက်လိုက်ပါတယ်။ 

အခု နံနက်ပိုင်း တိုက်ပွဲသတင်းဟာ ပြန့်နှံ့သွားပြီး လူမှုမီဒီယာတွေမှာ ထိပ်တိုက်တိုက်ပွဲ ဗီဒီယိုတွေ အများအပြား တင်ကြပါတယ်။ လူဦးရေ ၇၅၀၀၀ နီးပါးရှိတဲ့ အဲဒီ မြို့ထဲကို တာလီဘန်တိုက်ခိုက်ရေးသမားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာတာကို မြို့ခံတွေက ဩဘာပေး ကြိုဆိုကြပါတယ်။ 

အာဖဂန် ကာကွယ်ရေးဝန်ကြီး ဘစ်မီလက်ရှ်မိုဟမ်မာဒီက အစိုးရတပ်တွေဟာ အလွန် ထိလွယ်ရှလွယ်တဲ့ စစ်ရေးအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ တာလီဘန်တွေနဲ့ စစ်ပွဲ ပြင်းထန်နေပြီလို့လည်း ဖြည့်စွက်ပြောပါတယ်။ 

အခု ပြင်းထန်တဲ့ တိုက်ခိုက်မှုဟာ အာဖဂန်ကနေ တပ်တွေ ရုပ်သိမ်းတာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီလို့ အမေရိကန်က ကြေညာပြီးနောက်နဲ့ အိမ်နီးချင်း အီရန်မှာ အာဖဂန်အစိုးရနဲ့ တာလီဘန်ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာပဲ ဖြစ်ပါတယ်။ 

မေလအစောပိုင်းက အမေရိကန်နဲ့ နေတိုးတပ်တွေက အာဖဂန်ကနေ နောက်ဆုံး တပ်ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပြီးနောက်မှာ တာလီဘန်တွေဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တာ ဖြစ်ပြီး ခရိုင်နယ်မြေ ဒါဇင်များစွာ သိမ်းပိုက်လာတာကြောင့် အစိုးရအနေနဲ့ အကျပ်အတည်း ဆိုက်လာတော့မယ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။ 

“မြို့ထဲကို ရန်သူတွေ ဝင်ရောက်လာပြီ၊ ခရိုင်တွေ အားလုံးလည်း လက်လွှတ်လိုက်ရပြီ”လို့ ဘတ်ဒ်ဂဟစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟီဆမ်မူဒင်ရှမ်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒေသခံတွေအနေနဲ့ စိုးရိမ်မကြီးကြဖို့ကိုလည်း သူက ဗီဒီယိုမက်ဆေ့ချ်ကနေ နားချပြောဆိုပါတယ်။ အဲဒီ ဗီဒီယိုမက်ဆေ့ချ်မှာ သူဟာ ရိုက်ဖယ်တစ်လက် ကိုင်ဆောင်ထားပြီး အဝေးက သေနတ်သံတွေကိုပါ ကြားနေရတာပါ။ 

“ခင်ဗျားတို့ကို ကျွန်တော် အာမခံတယ်၊ ကျွန်တော်တို့တွေ အားလုံး မြို့ကို အတူတကွ ကာကွယ်သွားမယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly