ထိုင်ဝမ်နှင့် ကုန်သွယ်ရေး ခိုင်မာအားကောင်းအောင်ပြုလုပ်မည်ဟု အမေရိကန် ကတိပြု

By Just Earth News
07 July 2021
ထိုင်ဝမ်နှင့် ကုန်သွယ်ရေး ခိုင်မာအားကောင်းအောင်ပြုလုပ်မည်ဟု အမေရိကန် ကတိပြု

အနာဂတ်တွင် ထိုင်ဝမ်နှင့် ကုန်သွယ်မှုဆက်ဆံရေးခိုင်မာအားကောင်းအောင်ပြုလုပ်မည်ဟု အမေရိကန်အစိုးရက ကတိပြုလိုက်ခြင်းကြောင့် တရုတ်အစိုးရအတွက် စိတ်အနှောင့်အယှက်ဖြစ်မည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာသည်။

“ ထိုင်ဝမ်ကို မိမိတို့ရဲ့ထောက်ခံမှုက ခိုင်မာပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်၏ မီဒီယာ အတွင်းရေးမှုး ဂျန်ပါစကီက ပြောကြားခဲ့သည်။

“ထိုင်ဝမ်က ထိပ်တန်းဒီမိုကရေစီ၊ အဓိကစီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖြစ်ပါတယ်။ စီးပွားရေး ကိစ္စရပ်တွေ အပါအဝင် ပူးပေါင်းလုပ်ကိုင်နေတဲ့ နယ်ပယ်အားလုံးမှာ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု သူမက ဆိုသည်။

“အမေရိကန် - ထိုင်ဝမ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးရဲ့ အရေးပါမှုကို ကျွန်မတို့ ကတိပြုထားပါတယ်။ ပြီးတော့ ထိုင်ဝမ်နဲ့ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်ပြုလုပ် သွားမှာဖြစ်တာကြောင့် မကြာသေးခင်က ကြေညာခဲ့တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက်ကောင်စီအစည်းအဝေးကို မျှော်လင့်နေပါတယ်"ဟုသူမကဆိုသည်။

“ထိုင်ဝမ်အပေါ်ထားရှိတဲ့ တရုတ်ရဲ့ ရန်လိုမှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ မြင့်တက်လာတဲ့ စိုးရိမ်ပူပန်မှုတွေကိုလဲ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ထိုင်ဝမ်ဒီမိုကရေစီကို နိမ့်ကျစေဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပိုမိုဖိအားပေးလုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု သူမက တရုတ်နှင့် ပတ်သက်ပြီးမှတ်ချက်ပြုခဲ့သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ပြင်းထန်တဲ့ စိုးရိမ်မှုတွေကို တရုတ်ကို ဆက်လက်ဖော်ပြသွားမှာပါ။ ပြီးတော့ ဒေသတွင်းမှာရှိတဲ့ တခြားသူတွေကို ခြိမ်းခြောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလဲ ကျွန်မတို့ စိုးရိမ်ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

တရုတ်က ဟောင်ကောင်နှင့် ထိုင်ဝမ်ကဲ့သို့သောဒေသများတွင် ပြင်းပြင်းထန်ထန် ရန်လိုမှုများ မကြာသေးမီက ပြသခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly