နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၆ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၆ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၆ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံမြို့နယ်၊ (၅၇) ရပ်ကွက်၊ ဇေယျာမြိုင်လမ်းတွင် အအေးနှင့် ဓာတ်ဆီဆိုင်ဖွင့်ထားသူ NLD ပါတီဝင် ဦးခင်ကျော် (ခ) ကိုမဲကြီးအား ယမန်နေ့ ည ၈ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသူ အမည်မသိသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနှင့် ရင်ဘက်တို့တွင် ကျည်ဆံထိမှန်ကာ သေဆုံးသွားခဲ့သည်။ 

• ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ရှိ စစ်အုပ်စုခန့် (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြိုင်နေထိုင်သည့် A ၂ လမ်းရှိ နေအိမ်ရှေ့တွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားကာ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တစ်ခုကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။ 

• NUG အစိုးရအဖွဲ့ ဝန်ကြီးဖြစ်လာသူ ဒေါက်တာဇော်ဝေစိုးအား ဖမ်းဆီးစဉ်က မမိခဲ့သည့်အတွက် ၎င်းနှင့်နီးစပ်သူများအား ဖမ်းဆီးခံရာတွင် ဧပြီလ ၁၂ ရက်က ရန်ကုန်ဆေးရုံးကြီးတွင် တာဝန်ထမ်းဆောင်နေသည့် အရေးပေါ်ကုသမှုဆေးပညာဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦးအား ဖမ်းဆီး၍ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာ ထောင်အတွင်း၌ ကိုဗစ်ကူးစက်ခံနေ ရကြောင်း သိရသည်။ 

• ရန်ကုန်တိုင်းတွင်းရှိ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန်နှင့် ကမာရွတ်မြို့နယ်များတွင် စစ်အုပ်စုလက်နက် ကိုင်များက လျှပ်စစ်ဝန်ထမ်းများနှင့်အတူ လိုက်ပါ၍ မီတာမဆောင်သည့် နေအိမ်အချို့အား မီးကြိုးများ လိုက်လံဖြတ် တောက်လျက်ရှိကာ ရုံးသွားမဆောင်လိုသူများကိုလည်း ချလံဖြတ်၍ တစ်ပါတည်းဆောင်နိုင်အောင် လုပ်ဆောင်နေသည်ဟု သိရသည်။ 

• အင်းစိန်ထောင်တွင်းရှိ ဖမ်းဆီးခံ နွေဦးတော်လှန်ရေးအင်အားစုများက ဇူလိုင်လ ၇ ရက်တွင် ကျရောက်မည့် ၅၉ နှစ်မြောက် 7 July နေ့နှင့်ပတ်သက်၍ NUG အစိုးရအနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှရေး စသော အခွင့်အရေးများ အတွက် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်း၍ တော်လှန်ရေးဆင်နွှဲနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းကာ မည်သည့်တာဝန်ခွဲဝေ တိုက်ပွဲဆင်မည်၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို မည်သူတို့က မည်သို့ စီမံမည် စသဖြင့် ဖော်ပြထားသော စာချုပ်တစ်ရပ်ကို အခိုင်အမာချုပ်ဆို၍ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် စစ်အုပ်စုအနေဖြင့် လူထုထံ အမြန်ဆုံးလက်ချက်ချ အညံ့ခံရမည်ဟု သဘောထားထုတ်ပြန်ချက်အား ထောင်တွင်းမှ ထုတ်ပြန်လိုက်သည်။ 

• လှည်းကူးမြို့နယ၊ ရိပ်သာရပ်ကွက်၊ မြို့မအုပ်စုနေ စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဆိုသူ ဦးထွန်းဝင်းမှာ ယနေ့ နေ့လယ် ၁၁ နာရီခန့်က မြို့အုပ်စု (၂) လမ်းထိပ်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အ တွက် ဦးခေါင်းတွင် ရှပ်ထိမှန်ခဲ့ကာ ဆေးရုံ၌ ကုသမှု ခံယူနေရသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလာတက္ကသိုလ်ကျောင်းသား/သူသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မန္တလာသီရိဘောလုံးကွင်းအထိ ချီတက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း "မယိုင်လဲတဲ့ တပ်ပေါင်းစု - ခိုင်မြဲတဲ့ တပ်ပေါင်းစု" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် တမ္ပဝတီလူထု၊ အ.ထ.က (၇) ကျောင်းသားဟောင်းသပိတ်စစ်ကြောင်းနှင့် မြို့နေပြည်သူများ ပါဝင်သည်။ 

• မန်း မြတောင်သပိတ်စစ်ကြောင်းကလည်း "စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း" ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ 

• ချမ်းမြသာစည်မြို့နယ်နေ ပြည်သူများကလည်း "အရမ်းညီတဲ့ ချမ်း/စည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ယနေ့နေ့လယ်ပိုင်းတွင် အောင်ပင်လယ်သပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းလည်း ယနေ့ နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ကာ မတရားဖမ်းဆီးထားသူများအား လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မတ္တရာမြို့နယ် အရှေ့ပိုင်းရျိ ကျေးလက်နေပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပြည်သူ့တော်လှန်ရေးနေ့ဖြစ်သည့် မတ်လ ၂၇ ရက် မန္တလေးမြို့တွင် ပြုလုပ်သည့် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ် များအား ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် ဖမ်းဆီးခံခဲ့ရသည့် တံတားဦးမြို့နယ်နေ ကဗျာဆရာ သွေးနေ (ခ) ကိုနေလင်းထက်အား စစ်အုပ်စုက ရက်ပေါင်း ၁၀၀ ကျော် ဖမ်းဆီးထားပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သည်။ 

• စစ်အုပ်စုလက်နက်ကိုင်များနှင့် စစ်အုပ်စုခန့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး နေထိုင်သည့် မြင်းခြံမြို့ အ.ထ.က (၂) ကျောင်းတွင် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က အသံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

• မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းအနီးတွင် ယမန်နေ့ညပိုင်းက အပြန်အလှန်ပစ်ခတ်မှု အချို့ရှိခဲ့ကာ အဆိုပါရဲစခန်း၊ ကုက္ကဲကျောင်း၊ နဘူးအိုင်ကျောင်းနှင့် မြို့သာစက်မှုဇုန်တို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ယခင်ကတည်းက တပ်စွဲထားခြင်း ဖြစ်သည်ဟု သိရသည်။ 

• မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု နယ်ခြားကျေးရွာ၌ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူများ နေအိမ်မှ ရေခဲသေတ္တာ၊ ပန်ကာ၊ ထမင်းပေါင်းအိုး အပါအဝင် အသုံးအဆောင်ပစ္စည်းများအား သိမ်းယူ၍ ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များထံ ပေးအပ်မှုများ ရှိနေသည်ဟု သိရသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ မှော်ဇာကျေးရွာအကျော် မုဋ္ဌောရွာအနီး ရန်ကုန်-ပြည် ရထားလမ်းတွင် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• တမူးမြို့နယ် ရန်လင်းဖိုင်ရွာနှင့် ဝိတုန်ရွာကြားရှိ ကျေးရွာချင်းဆက် တံတားမှာ ဇူလိုင်လ ၄ ရက်ညပိုင်းက ဖောက်ခွဲဖျက်ဆီး ခံခဲ့ရကာ အများပြည်သူ ထိခိုက်နစ်နာစေမည့် အကြမ်းဖက်လုပ်ရပ်များအား ရှုံချကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်စဉ်မှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ 

• ကောလင်းမြို့နယ်၊ အရှေ့ခြမ်းညောင်ကုန်းကျေးရွာတွင် ဒေါ်သေးသေးဆိုသူမှာ သားဖြစ်သူနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျူဟာလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် စစ်အုပ်စုကားသုံးစီးပေါ်က ပစ်ခတ်ခဲ့သဖြင့် ဆိုင်ကယ်နောက်တွင်ပါလာသူ ဒေါ်သေးသေးမှာ ဝမ်းဗိုက်ကျည်ထိမှန် ကာ သေဆုံးခဲ့ရသည်။ 

• ကောလင်းတွင် မြို့နယ်ထွေအုပ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် စည်ပင်ဒုဦးစီးမှူးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၂ ဦး နုတ်ထွက်စာတင်ထားကြပြီ ဖြစ်သည်။ 

• ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဘိုနုနှင့် ဦးကျော်နိုင်တို့ နှစ်ဦးမှာ အိုင်းမရွာ မြောက်ဘက်ရှိ သင်တန်းပေးနေသော ပျူစောထီးအဖွဲ့များထံ သေနတ်သွားပို့ပြီးနောက် အပြန် ယမန်နေ့ ညနေ ၃ နာရီခန့်က ဓားဖြင့် တိုက်ခိုက်ခံရသည့်အတွက် ဦးကျော်နိုင်မှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဦးဘိုနုမှာမူ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ မုံရွာဆေး ရုံ၌ ကုသမှု ခံယူနေရသည်။ 

• ကနီမြို့နယ် အိုင်သားကျေးရွာတွင် ယမန်နေ့ညပိုင်းက ညအိပ်ရပ်နား တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များမှာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအထက်ဘက်ရှိ ထောက်ကြံ့ကုန်း၊ ငုတ်ချောင်းကျေးရွာများဘက်သို့ စစ်ကြောင်းခွဲ၍ တက်သွားကြောင်း သိရသည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ ကိုဗစ်နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ၍ ကျေးရွာများ တွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဘုတလင်မြို့နယ်တွင်လည်း သံဃာတော်များနှင့် ဒေသခံပြည်သူများ ပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ အသက် ၆၃ နှစ်အရွယ် ဦးအုန်းမြိုင်ဆိုသူမှာ ယနေ့နံနက်ပိုင်းက ဓားဖြင့် ခုတ်ခံရသည့်အ တွက် သေဆုံးသွားပြီဖြစ်ကာ ၎င်းမှာ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တပည့်တစ်ဦးဖြစ်ကာ သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။ 
• ကလေးမြို့ခံ လူငယ်များကလည်း ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• နတ်မောက်မြို့ အ.ထ.က (၃) အောင်ဆန်းကျောင်းရှေ့တွင် လုံခြုံရေးယူထားသည့် စစ်အုပ်စုလက်နက်ကိုင်လုံခြုံရေးအဖွဲ့ အား ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်ခန့်က အသံဗုံးပစ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ယင်းမှာ နတ်မောက်မြို့ ပြည်သူ့ကာကွယ် ရေးတပ်ရင်း - NPDF က ပြုလုပ်ခြင်းဖြစ်ကာ အဖွဲ့အနေဖြင့် စတင်လှုပ်ရှားလာခြင်းဖြစ်ကြောင်း NPDF က ကြေညာထားသည်။ 

• မြိုင်မြို့နယ် အခြေခံပညာသပိတ်စကော်မတီနှင့် မြိုင်မြောက်ပိုင်းဇုန် ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်ကာ "လုံးဝရပ်တန့်မှာ မဟုတ်" ဟု ကြွေးကြော်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်မြို့တွင် စစ်အုပ်စုအား ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရန်နှင့် ပြည်သူများအား စစ်အုပ်စုအန္တရားယ်မှ ကာကွယ်ရန် အတွက် မန်းဂိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့/မန်းဂို ပြောက်ကျားတပ်ဖွဲ့ - ‘Mango’ People’s Defense Group (Thayet) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• တောင်တွင်းကြီးမြို့နယ်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား လုပ်ငန်းတာဝန်များအား ပြန်လည်ထမ်းဆောင်ရမည်ဟုဆိုကာ စစ်အုပ်စုဘက်က ဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

• ဆောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ခြောက်ဦးသေဆုံးကာ PDF ဘက်မှတစ်ဦးနှင့် ပြည်သူတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ 

• ရေနံချောင်းမြို့နယ်နေ လူငယ်များကလည်း သစ်ရွက်များပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထား သည့် စာရွက်များ ကပ်ကာ သစ်ရွက်သပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း (မော်ကျွန်း) မြို့နယ် လူမှုဖူလုံရေးရုံးအနီး ယမန်နေ့ညပိုင်း ၇ နာရီခန့်က ပေါက်ကွဲစေနိုင်သည့်အရာတစ်ခုအား တွေ့ရှိခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ မရှင်းလင်းဘဲ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ 

• ရေကြည်မြို့တွင် ယခင် NLD အစိုးရလက်ထက်က ကိုဗစ်သံသယရှိလူနာများအား စစ်ဆေးပေးရာတွင် ငွေကြေးကောက်ခံမှု မရှိခဲ့သော်လည်း ယခုအခါ သွားရောက်စစ်ဆေးပါက တစ်ဦးလျှင် ၁၀၀၀၀ ကျပ် ကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။ 

• စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားသည့် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ ရွှေလောင်းတံတားပေါ်တွင် ယနေ့နံနက်ပိုင်းက မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိခဲ့ကာ စစ်အုပ်စုဘက်က လာရောက်ရှင်းလင်းသွားကာ သတင်းမပြန့်စေရန်အတွက် ဖုံးကွယ်ထားသည်။ 
• ပုသိမ်တွင် ကိုဗစ်ကူးစက်လူနာ ပိုများလာသော်လည်း ထားစရာနေရာ မရှိသည့်အတွက် စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနက အတည်ပြုလူနာများကိုပင် နေအိမ်သို့ ပြန်လွှတ်မှုများ ရှိနေသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့ပေါ် ဒေါင်းငူတံငါရပ်ကွက်တွင် ယမန်နေ့ညပိုင်းက အသက် ၆၅ နှစ်အရွယ် ဦးမောင်မြင့်ဆိုသူမှာ ယမန်နေ့ညပိုင်းက နေအိမ်၌ သေနတ်ဖြင့် ပစ်ခံရသည့်အတွက် ဒဏ်ရာရရှိခဲ့ကာ တပ်ဆေးရုံး၌ ကုသနေရပြီး ၎င်းမှာ ထားဝယ်ရှိ ဆန္ဒပြ သပိတ်စစ်ကြောင်းများနှင့် ပတ်သက်၍ စစ်အုပ်စုအား သတင်းပေးခဲ့သည့်အတွက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း Guerrila Dawei အဖွဲ့က ထုတ်ပြန်ထားသည်။

• ထားတယ်မြို့ တပ်ပေါင်းစုနှင့် လူငယ်သပိတ်စစ်ကြောင်းတို့ကလည်း ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် ညင်းမော်၊ အောက်ရေဖြူ၊ မောင်းမကန်ကျေးရွာတို့တွင်လည်း ဒေသခံများက ကျေးရွာသပိတ်စစ်ကြောင်းများ ကိုယ်စီထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသက်တိုးအား ယနေ့နံနက် ၉ နာရီခန့်က မျက် နှာဖုံးစွပ် လူငယ်ငါးဦးက နေအိမ်သို့ လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ကာ ၎င်း၏ အမဖြစ်သူ မှာလည်း သေနတ်ကျည် ထိမှန်ခဲ့၍ အရေးပေါ်လူနာတင်ကားဖြင့် ခေါ်ဆောင်သွားသည့်အတွက် နောက်ဆုံးအခြေအနေကို မသိရသေးပေ။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင် ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ် ပန်းချီရှောင်ကျေးရွာနေ ပြည်သူများကလည်း "ကျည်ဆံတွေကို ငါတို့ မုန်းတယ်၊ သေနတ်တွေကို ငါတို့ မုန်းတယ်၊ မတရားမှုကို ငါတို့ မုန်းတယ်၊ အာဏာရှင်ကို ငါတို့ မုန်းတယ်" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပုလောမြို့နယ်၊ လက္ကူးကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်အိမ်တွင် ယမန်နေ့နံနက်ပိုင်း ၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နုတ်ထွက်စာတင်လိုက်ပြီ ဖြစ်သည်။ 

ကချင်ပြည်နယ်

• ဖားကန့်မြို့နယ်၊၊ ရဒူးဇွပ်ကျေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ခလရ ၂၉၇ တပ်မှ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တပ်မဟာ (၂) အောက်ရှိ တပ်ရင်း (၁၄) တပ်ဖွဲ့ဝင်များ စိုးမိုးရာ နေရာများသို့ ယမန်နေ့ညပိုင်း ၈ နာရီခွဲခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

• ဖားကန့်မြို့ တာမခန်မြို့သစ်နေ ပြည်သူများကလည်း "အနံ့ပျောက်မှာထက် အနာဂတ်ပျောက်မှာ ကြောက်တယ်" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• တိုက်ပွဲများအတွင်း ပျက်စီးသွားသည့် ကယားပြည်နယ်တွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား စစ်အုပ်စုက ပြန်လည်ထောက်ပံ့မှုပြုလုပ်သည်ဟု ဆိုကာ ပြည်သူပိုင်ဆိုင်များအတွင်းမှ ခိုးယူထားသည့် ပစ္စည်းများကို ပြန်လည်ပေးနေ ခြင်းဖြစ်ကာ လက်ခံသူမရှိသည့်အတွက် စစ်သားများအား အရပ်ဝတ်များလဲ၍ လက်ခံရယူခိုင်းပြီး မှတ်တမ်းယူ ဖော်ပြနေခြင်းသာဖြစ်ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က ထုတ်ပြန်ထားသည်။ အဆိုပါ အိမ်ဆောက်ပစ္စည်းများ ကို ဒီးမော့ဆိုမြို့နယ် ပြည့်အောင်ရတနာ အိမ်ဆောက်ပစ္စည်းဆိုင်မှ လုယက်ယူဆောင်သွားသည့် ပစ္စည်းများဖြစ်ကာ စစ်အုပ်စုက ဇူလိုင်လ ၃ ရက်တွင် အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

ကရင်ပြည်နယ်

• ကရင်အမျိုးသားအစည်းအရုံး - KNU လက်အောက်ခံ တပ်မဟာ (၅) နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ် ခဲ့သည့် မူတြော် (ဖာပွန်) ခရိုင်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် မိုးရွာသွန်းမှုများကြောင့် ငှက်ဖျားနှင့် ဝမ်းရောဂါကာကွယ်ရန်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။ 

• ဖယ်ခုံမြို့နယ် မိုးဗြဲ၊ ပီကင်းနှင့် လအိလတိန်ဘက်တွင် စစ်အုပ်စုလက်နက်ကိုင်များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်မည် ဖြစ်၍ ဒေသခံများ လုံခြုံသည့်နေရာများ၌ နေထိုင်၍ အသွားအလာ ဆင်ခြင်ကြရန် တိုးတက်သောကရင်နီပြည်သူ့အင်အား စု - PKPF က ယနေ့ ညနေပိုင်းတွင် သတိပေးထားသည်။ 

ချင်းပြည်နယ်

• ထန်တလန်မြို့တွင် ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်က CDM ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ပြည်သူများ စားနပ်ရိက္ခာသယ်ယူရာတွင် ဖိအားပေးနှိပ်ကွပ်သည့် ထန်တလန်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဗိုလ်လေး (ခ) ဟိန်းဝေဇင်လတ်မှာ ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးခဲ့ပြီဖြစ်ကာ မိမိတို့ပြုလုပ်ခြင်းဖြစ်ကြောင်း Chinland Defense Force – ထန်တလန်က ထုတ်ပြန်ထားသည်။ 

• စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ချင်းပြည်နယ်နှင့် အခြားဒေသ များရှိ ချင်းတိုင်းရင်းသား ၈၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ပရောက် ၈၈ မျိုးဆက်ချင်းကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် ချင်းရေးရာအဖွဲ့ချုပ် - Institute of Chin Affair က ထုတ်ပြန်ထားသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့တွင် ယမန်နေ့ညပိုင်းက ဒေသခံလူငယ်နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ရိုက်နှက်ဖမ်းဆီးသွား သည်။ မြို့ပေါ် ကံသာရပ် နိဗ္ဗာန်လမ်းဆုံအနီးတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က ဆိုက်ကယ်စီးလာသူ လူငယ်တစ်ဦးအား တားဆီးစစ်ဆေး ဖမ်းဆီးခဲ့ကာ ည ၉ နာရီကျော်တွင်လည်း ရတနာသီရိရပ်ကွက်၊ ရသေ့တောင်ကျောင်းအနီးရှိ နေအိမ်တစ် လုံးအား အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းကာ လူငယ်တစ်ဦးအား ဖမ်းဆီးသွားခဲ့သည်။ 

• ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာတွင် စစ်အုပ်စုအား ဆန့်ကျင်ကာ မီတာခမဆောင်ဘဲ "ဘူး" သပိတ် ပြုလုပ်နေသည့် ဒေသခံပြည်သူ ၁၅ ဦး၏ နေအိမ်အား လျှပ်စစ်ဝန်ထမ်းမဟုတ်သည့် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက မီးကြိုး များ လိုက်လံဖြတ်တောက်ခဲ့သည်။ 

• ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်လည်း စစ်အုပ်စုလက်အောက်ခံ လျှပ်စစ်ရုံးက မီတာခဆောင်ကြရန် လိုက်လံနှိုးဆော် သည့်အပြင် နေအိမ်အချို့ကိုလည်း မီတာခမဆောင်သည့်အတွက်ဟုဆိုကာ မီတာပုံးများ ပြန်လည်ဖြုတ်သိမ်းသွားသည်။ 

• မူဆယ်မြို့၊ ကားလေးကွင်းအနောက်ဘက်လမ်းကြားတွင် ယမန်နေ့ နံနက်ပိုင်းက သေဆုံးနေသည့် ပိုင်ရှင်မဲ့အလောင်းတစ် ခုအား တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၅ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းအထိ တွေ့ရှိခဲ့သည်ဟု သိရသည်။ 

• မူဆယ်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ရုံးအပြင်အုတ်တံတိုင်းအနီးတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲ မှုဖြစ်ရာ ထိခိုက်သူမရှိခဲ့သော်လည်း ပေါက်ကွဲမှုအပြီး စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ 

• ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတပ်တွင် ကိုဗစ်ကူးစက်သူ တပ်သား ၅၀ ကျော်ရှိနေသည်ဟု သတင်း ထွက်နေသော်လည်း စစ်အုပ်စုဘက်က သတင်းထိန်ချန်၍ တပ်အား Lockdown ချထားသည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်မှန်သမျှအား ကိုဗစ်ကူးစက်မှုများကြောင့် ဇူလိုင်လ ၁၅ ရက်မှ ၃၁ ရက်အထိ နှစ်ပတ်ကြာ ပိတ်တော့မည်ဟု ပြည်နယ်စစ်အုပ်စုအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။ 

• စစ်အုပ်စု မရှိကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ALD ပါတီဝင် ကိုကျော်ကျော်လင်းနှင့် တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီး၊ ကိုဇာနေထူးတို့အား ငြိမ်းစုစီပုဒ်မ – ၁၉ ဖြင့် တရားစွဲဆိုထားမှုအတွက် တရားလိုပြသက်သေများအား ယနေ့ရုံးချိန်းတွင် ထပ်မံစစ်ဆေးခဲ့သည်။ 

နေပြည်တော်

• ဗြိတိန်အစိုးရ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသည့် Myanmar Witness အဖွဲ့က စစ်အုပ်စုအာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် သက်သေများအား စုံစမ်းစစ်ဆေးရန်အတွက် ဇူလိုင်လ ၅ ရက်မှ စ၍ လုပ်ဆောင်နေပြီဖြစ်ကာ ကုလသမဂ္ဂ၏ သီးခြားလွတ်လပ်သည့် စုံစမ်းရေးယန္တရား - IIMM သို့ မျှဝေသွားမည် ဖြစ်သည်။

• ရုရှားနှင့်ပေါင်းကာ နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် စစ်အုပ်စုခေါင်းဆောင်၏ ရုရှားခရီးစဉ်အတွင်း သဘောတူညီမှု ရရှိထားကြောင်း စစ်အုပ်စုပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။ 

• စစ်အုပ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်မတိုင်မီက တစ်ပတ်အလိုကတည်းက ရုရှားရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Vladimir Luvovich Kasatonov ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ကြိုတင်ရောက်ရှိနေခဲ့ပြီး ၎င်းအဖွဲ့တွင် ရုရှားနိုင်ငံ Rosoboronexport လက်နက်ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။ အဆိုပါလက်နက်ကုမ္ပဏီမှာ အမေရိ ကန်နိုင်ငံက ပိတ်ဆို့အရေးယူထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။ 

• မြန်မာ့နိုင်ငံရေး အကျပ်အတည်းအဆုံးသတ်ရန်အတွက် အာဆီယံနိုင်ငံများက သံတမန်ရေးအားထုတ်မှုအား ရုရှားနိုင်ငံက အခိုင်အမာထောက်ခံကြောင်းနှင့် အဆိုပါသတင်းစကားကိုလည်း မြန်မာစစ်အုပ်စုခေါင်းဆောင်များထံ ပေးပို့ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ်လက်ဗ်ရော့ဗ်က ၎င်း၏ ဂျကာတာနိုင်ငံခရီးစဉ်တွင် ပြောဆိုထားသည်။ 

• စစ်အုပ်စုက အာဏာသိမ်းပြီးနောက်တွင် ညှင်းပန်းနှိပ်စက်၊ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးရသည့် အပြစ်မဲ့ပြည်သူ ၈၉၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP က ထုတ်ပြန်ထားသည်။ 

• လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုတွင် သက်သေတင်သွင်းထားမှုများအား လက်မခံကြောင်း တိုင်း တရားလွှတ်တော်သို့ အယူခံတင်သွင်းမည်ဖြစ်၍ တရားလိုဖြစ်သူ ဦးစိုးစိုးရွှေအား ဆက်လက်စစ်ဆေးမှု မပြုလုပ်ရန် ရှေ့နေ အဖွဲ့က တင်ပြခဲ့သော်လည်း လက်မခံဘဲ ဆက်လက်စစ်ဆေးခဲ့သည်။ သက်သေခံတင်သွင်းသည့် စာရွက်များနှင့် ပတ်သက်၍ မြို့နယ်ရုံးက ပယ်ချ၍ ခရိုင်အဆင့်တရားရုံးသို့ ဆက်လက်တင်ပြခဲ့သော်လည်း ချက်ချင်းပယ်ချခဲ့သည့်အတွက် တိုင်းအဆင့်တရားရုံးသို့ တင်သွင်းရမည် ဖြစ်သည်။ 

• စစ်အုပ်စုက နိုင်ငံအနှံ့ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၂ လုံး၊ သိုလှောင်ရုံ ခြောက်ရုံတို့အား ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား လွှဲပြောင်းရောင်းချရန် ပြင်ဆင်ကြိုးပမ်းလျက်ရှိသည်။ 

• ကျန်းမာရေးနှင့် စားသောက်ကုန်များအား စျေးတင်ရောင်းချမှု ပြုလုပ်ပါက အရေးယူမည်ဟု စစ်အုပ်စုလက်အောက်ခံ စီးပွား/ကူးသန်းဌာနက သတိပေးထားသည်။ 

• စစ်အုပ်စုက ကလေးငယ်များအား ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်နေမှုများအား အမြန်ဆုံးရပ်တန့်ပေးရမည်ဟု NUG အစိုးရ ကလေးသူငယ်ဝန်ကြီးဌာနက ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

ဇူလိုင် ၆ သုံးသပ်ချက်

• ရန်ကုန်တွင် ညနေပိုင်းအထိ လမ်းပေါ်တက်ဆန္ဒထုတ်ဖော်မှုများ ငြိမ်သက်နေသော်လည်း စစ်အုပ်စုသတင်းပေး ရှင်းလင်းမှု များ ပိုမိုများပြားလာလျက် ရှိသည်။ စစ်အုပ်စုက လှည့်ကင်းပုံစံဖြင့် မြို့အနှံ့ လုံခြုံရေးတင်းကြပ်ထားပြီး မီတာခမဆောင်ဘဲ ဆန့်ကျင်ဆန္ဒပြနေသည့် အိမ်များအား မီးဖြတ်တောက်မှုများ စလုပ်လာပြီ ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုက ညပိုင်းများတွင် အကြောင်းမျိုးစုံပြ ရိုက်နှက်ဖမ်းဆီးခံထားရသည့် ပြည်သူအချို့အား စစ်အုပ်စုလက်နက်ကိုင်များက တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ပြန်လည်ရွေးခိုင်းမှုများ ရှိနေသည်။ 

• မန္တလေးတွင် လူထုသပိတ်ကြီးများ အားကောင်းနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က ပုံမှန်အတိုင်း ကားများဖြင့် ကင်းလှည့်မှုများ ရှိနေကာ ကိုဗစ်ကူးစက်မှုသတိပေးမှုများကြောင့် ရပ်နားထားသည့် လူမှုရေးအသင်းကားအချို့လည်း ပြန်ထွက်လာပြီ ဖြစ်သည်။ 

• စစ်အုပ်စု အထိနာနေသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်အုပ်စုဘက် အင်အားတိုးမြှင့်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူထုဆန္ဒထုတ်ဖော်မှုများ ဆက်ရှိနေဆဲ ဖြစ်ကာ ရှမ်းပြည် နယ်တွင်မူ ပြည်နယ်တွင်း မြို့နယ်တိုင်းလိုလို၌ ကိုဗစ်ကူးစက်မှုများကြောင့် ဆန္ဒထုတ်ဖော်မှုများ ငြိမ်သက်လျက်ရှိသည်။

• စစ်အုပ်စုဘက်တွင် ကိုဗစ်ကူးစက်မှု မြင့်မားမှုကြောင့် ကုသရေးဝန်ထမ်းများ မလုံလောက်သည့်အတွက် CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား ပိုမိုဖိအားပေးလာလျက်ရှိသည်။ စစ်အုပ်စုက နိုင်ငံပိုင် မြေနှင့် အဆောက်အဦများ ရောင်းချရန် ပြင်ဆင်နေပြီး ပြည်တွင်းသုံးငွေ ကျပ်တည်းမှု ရင်ဆိုင်နေရပြီဖြစ်သည်။ နိုင်ငံတကာတွင် တရားဝင်မှုရရေးအတွက် ၎င်းတို့ အား ထောက်ခံသည့် ရုရှား၊ တရုတ်နိုင်ငံတို့မှတစ်ဆင့် ကြိုးပမ်းမှုများ ရှိနေကာ တစ်ဖက်တွင်လည်း ပြည်တွင်း၌ အားကောင်းကောင်းဖြင့် ဆက်ရှိနေသည့် ဆန္ဒထုတ်ဖော်မှုများနှင့် လက်နက်ကိုင်တော်လှန်မှုများအား နည်းပေါင်းစုံသုံး ဖြိုခွဲရန်လည်း ပြင်ဆင်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly