ကိုဗစ်-၁၉ ဆိုးရွားနေသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးပြတ်လပ်

ကိုဗစ်-၁၉ ဆိုးရွားနေသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးပြတ်လပ်
ဓာတ်ပုံ KP - Diary

ဇူလိုင် ၆

ရန်ကုန် အဝယ်ဒိုင်မှ အောက်ဆီဂျင်အိုး ဝယ်မရတော့၍ ကလေးမြို့တွင် အောက်ဆီဂျင်အိုးပြတ်လပ်နေပြီဟု ကိုဗစ်-၁၉ လူနာများအား ကူညီပေးနေသည့် လူမှုကူညီရေးလုပ်ဆောင်နေသူများကပြောသည်။

" အောက်ဆီဂျင်က မနေ့ကလည်း ပြတ်တယ်။ ဒီနေ့လည်း ပြတ်တယ်။ ရန်ကုန်ကကုမ္ပဏီကကို ဝယ်လို့မရတော့တာ။ ကျွန်တော်တို့အများဆုံးဝယ်နေတာ ရန်ကုန်နဲ့ မန္တလေးက။ စဝယ်တုန်းက ဈေးချိုတယ်။ အခုက အဝယ်ကို ပိတ်ထားတဲ့သဘော။ တစ်လစောင့်ပါ။ ၁၅ ရက်စောင့်ပါဆိုပြီး ဖြစ်နေတာ" ဟု ဒေသတွင်းလူမှုကူညီရေးအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူသေဆုံးမှုမြင့်တက်နေသော ကလေးမြို့သို့ ပြည်တွင်း ပြည်ပအလှူရှင်များ၏ လှူဒါန်းမှုဖြင့် ကုန်တင်ကားများဖြင့်  အောက်ဆီဂျင်အိုးနှစ်ရာမှ လေးရာခန့်အထိ နေ့စဉ် ဝင်ရောက်နေသော်လည်း လောက်ငမှုမရှိချိန်တွင် ယခုကဲ့သို့ ပြတ်လပ်သွားသည့် ပြဿနာကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

တဘက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ခရိုင်မြို့တွင် ကိုဗစ်-၁၉ လူနာအရေအတွက်က တရိပ်ရိပ်တက်နေဆဲဖြစ်သည်။ 

ယနေ့ (ဇူလိုင်လ ၆ ရက်) တစ်ရက်တည်း၌ကိုဗစ်ပိုးတွေ့လူနာနှင့် သံသယလူနာ အနည်းဆုံး ၂၇ဦး သေဆုံးခဲ့သည်ဟု လူမှုကူညီရေးလုပ်ဆောင်နေသူများကပြောသည်။

မေလလယ်ကစတင်သည့် ကိုဗစ်တတိယလှိုင်းအတွင်း ကလေးမြို့တစ်ခုတည်းတွင် သေဆုံးသူ ၅၀၀ ခန့်ရှိနေသည်ဟု ဒေသခံများကပြောသည်။

ကလေးမြို့တွင် ရင်ဆိုင်နေရသော အောက်ဆီဂျင်အိုးလုံလောက်မှုမရှိသည့် ပြဿနာကို ကူညီလိုပါက ကိုဗစ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးနေသည့် KP Diary ဖုန်းနံပတ် ၀၉၄၅၇၀၇၀၀၈၄၊  ၀၉၇၉၂၇၇၈၀၃၇။  မေတ္တာထွဋ်ခေါင် လူမှုကူညီရေးအသင်း ဖုန်းနံပတ် ၀၉- ၄၄၉၁၄၆၆၁၉ သို့ ဆက်သွယ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly