တရုတ်၏ ဝီဂါဆိုင်ရာ မူဝါဒကို ပါကစ္စတန်၀န်ကြီးချုပ်က ထောက်ခံကြောင်း ပြောဆို

By The Washington Post
06 July 2021
တရုတ်၏ ဝီဂါဆိုင်ရာ မူဝါဒကို ပါကစ္စတန်၀န်ကြီးချုပ်က ထောက်ခံကြောင်း ပြောဆို

ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များအပေါ် ထားသည့် တရုတ်၏ မူဝါဒများနှင့်ပတ်သက်ပြီး ထောက်ခံကြောင်း ပါကစ္စတန်၀န်ကြီးချုပ် အီမရန် ခန်းက ဇူလိုင် ၁ ရက်တွင် ထပ်လောင်း ပြောကြားခဲ့သည်။ ယင်းသည် အရွယ်အစားကြီးမားပြီး မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးက ထူးထူးဆန်းဆန်း မှတ်ချက်စကားများကို ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဝီဂါများကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်းနှင့် အတွေးအခေါ၊ သဘောထားများကို အတင်းအကျပ် လက်ခံစေရန် အားထုတ်ခြင်းများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ နိုင်ငံအများအပြားမှ တရုတ်အပေါ် ပြစ်တင်ရှုတ်ချထားသလို ယင်းကို “လူမျိုးတုန်းသတ်မှု” အဖြစ်လည်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနက ဖော်ပြထားသည်။

မွတ်ဆလင် လူနည်းစု မျိုးနွယ်စုတစ်ခုဖြစ်သည့် ဝီဂါ တစ်သန်းကျော်သည် ပေကျင်း အခေါ် “သက်မွေးမှုဆိုင်ရာ ပညာပေးရေးနှင့် လေ့ကျင့်သင်ကြားရေး စင်တာများ” သို့ ပို့ဆောင်ခံထားခဲ့ရသည်။ သို့သော် အဆိုပါ စင်တာများသည် ထိန်းသိမ်းရေးကမ့်စခန်းများသာ ဖြစ်ကြောင်းနှင့် ယင်းနေရာများတွင် ကျယ်ပြန့်သည့် အခွင့်အရေး ချိုးဖောက်မှုများ ရှိနေခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ တရုတ်နဲ့အကြား အင်မတန် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် ရှိပါတယ်၊ ပြီးတော့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးတစ်ခု ရှိနေလို့ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ တရုတ်ရဲ့ ဗားရှင်းကို တကယ်ပဲ လက်ခံတာဖြစ်ပါတယ်” ဟု ခန်းက တရုတ်ကွန်မြူနစ်ပါတီ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် မှတ်ချက်စကားပြောဆိုစဥ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ “သူတို့ပြောတဲ့ ရှင်ကျန်းဒေသက ပရိုဂရမ်တွေနဲ့ပတ်သက်လို့ပြောရရင်၊ ကျွန်တော်တို့က တရုတ်နိုင်ငံ ပြောတာတွေကို လက်ခံပါတယ်”

တရုတ်သည် ၂၀၁၇ ခုနှစ်တွင် ရှင်ကျန်း၌ ကျယ်ပြန့်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် ယင်းနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး ထောက်ခံလှုပ်ရှားသူများနှင့် ကမ္ဘာ့ခေါင်းဆောင် အများအပြားက သတိပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြသည်။ ထိုကိစ္စသည် မွတ်ဆလင် အများစုရှိရာ နိုင်ငံအများအပြားတွင်လည်း အထူးအာရုံစိုက်ခံထားခဲ့ရသည်။

သို့သော် ခန်းကမူ အဆိုပါ ဝီဂါကိစ္စနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း အာရုံစိုက်မှု ရှိမနေပေ။ ရာပြည့်အထိမ်းအမှတ်အတွက် အစ္စလမ်မာဘတ်သို့ လာရောက်လည်ပတ်သည့် တရုတ်သတင်းထောက်များကို ပြောကြားခဲ့ရာတွင် ခန်းက ၎င်းအနေဖြင့် အိန္ဒိယနှင့် တရုတ်အကြား ကက်ရှ်မီးယားရှိ ပဋိပက္ခကဲ့သို့ အခြား လူ့အခွင့်အရေးကိစ္စများ ဝီဂါကိစ္စကဲ့သို့ တူညီသော အာရုံစိုက်မှုမျိုး မခံရခြင်းမှာ ရိုးသားမှုမရှိဟု ထင်မြင်ကြောင်း ပြောခဲ့သည်။

ဒေသတွင် အစ္စလမ်မုန်တီးမှုအပေါ် ၎င်း၏ တန်ပြန်တိုက်ဖျက်လုပ်ဆောင်မှုများ ရှိထားခဲ့စဥ် ယခုကဲ့သို့ ဝီဂါကိစ္စနှင့်ပတ်သက်သည့် ခန်း၏ သဘောထားရပ်တည်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်ပြီး ဟော့ဟော့ဒိုင်းဒိုင်း ပြောဆိုသူတစဦးဖြစ်သည့် ခန်းသည် ယမန်နှစ်က မွတ်ဆလင်နိုင်ငံများမှ ခေါင်းဆောင်များထံ စာတစ်စောင် လိပ်မူရေးသားခဲ့ပြီး ၎င်းတို့အနေဖြင့် “မသိနားမလည်မှုနှင့် အမုန်းတရားကနေ ပေါက်ဖွားလာသည့် အကြမ်းဖက်မှု သံသရာကို အဆုံးသတ်‌ရေး” လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ပါကစ္စတန်သည် အင်ဒိုနီးရှားပြီးလျင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး မွတ်ဆလင်အများစုနိုင်ငံဖြစ်သည်။

ပါကစ္စတန်သည် နိုင်ငံရေးနှင့် စီးပွားရေး အထောက်အပံ့များအတွက် တရုတ်အပေါ် မှီခိုနေရသည့်အတွက် တရုတ်နှင့်အကြား ဆက်ဆံရေးခေါင်းစဥ်အောက်တွင် ယခုကဲ့သို့ မှတ်ချက်စကား ပြောဆိုခြင်းက ယုတ္တိတန်ကြောင်း အကဲခတ်များက ပြောသည်။

“ပါကစ္စတန်ဟာ ဒီလိုမျိုး ထိလွယ်ရှလွယ် ကိစ္စတစ်ခုနဲ့ပတ်သက်လို့ တရုတ်ကို ဆန့်ကျင်ဖို့ မစွမ်းသာနိုင်ပါဘူး၊ အထူးသဖြင့် အနောက်အုပ်စုက ဝီဂါအရေးနဲ့ပတ်သက်လို့ အတော်များများ အာရုံစိုက်နေချိန်မှာပေါ့” ဟု တရုတ်-ပါကစ္စတန်ဆက်ဆံရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည့် ဖီလစ်ပို ဘိုနီက ပြောသွားခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး၏ သိသာမြင်သာမှု အရှိဆုံး အကြောင်းအရာများအနက်တစ်ခုသည် ၂၀၁၅ ခုနှစ်က ကြေညာခဲ့သည့် တရုတ်-ပါကစ္စတန် စီးပွား‌ရေးစင်္ကြန် ဖြစ်သည်။ ယင်းတွင် ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း တစ်စိတ်တစ်ဒေသအဖြစ် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ ရထားလမ်း အဆင့်မြှင့်တင်မှုနှင့် အဝေးပြေးလမ်းသစ်များအပါအ၀င် ပါကစ္စတန်တွင် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ တရုတ်၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ပါ၀င်နေသည်။ စီမံကိန်းများသည် ဆောင်ရွက်နေဆဲဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပါကစ္စတန်သည် တရုတ်နှင့် တစည်းတလုံးတည်းရှိဟု စောစီးစွာ ထုတ်ဖော်ခဲ့ပြီး ထို့နောက် တရုတ်သည် ပါကစ္စတန်ထံ ကာကွယ်ဆေးများ ပေးပို့ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required