မဏိပူရ်ပြည်နယ်၌ မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံထားရစဉ်သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးကော်မရှင်ထံ ပန်ကြား

မဏိပူရ်ပြည်နယ်၌ မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံထားရစဉ်သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးကော်မရှင်ထံ ပန်ကြား

ဇူလိုင် ၆

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ယာယီအကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲထားသည့် စင်တာတစ်ခု၌ ထိန်းသိမ်းခံထားခဲ့ရသည့် မြန်မာဒုက္ခသည် ၂၉ ဦးအနက် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့မှုဖြစ်စဉ်တစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပေးရန် မဏိပူရ် လူ့အခွင့်အရေးကော်မရှင် (MHRC) ထံ ပန်ကြားထားသည်။

အသက် ၄၆ နှစ်ရှိ မမြင့်နှင့် အသက် ၄၀ နှစ်အရွယ် မမူခိုင် အမည်ရ အဆိုပါ မြန်မာနိုင်ငံမှ အမျိုးသမီးနှစ်ဦးသည် သင့်တော်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရဘဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ကြောင်း Human Rights Alert (HRA) ဟု ခေါ်သည့် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ကော်မရှင်ထံ ဇူလိုင် ၂ ရက်က ပေးပို့သည့် စာတစ်စောင်ထဲတွင် ပြောထားသည်။ အဆိုပါအဖွဲ့သည် မဏိပူရ်၏ မြို့တော် အင်ဖာတွင် အခြေစိုက်သည်။

HRA ၏ အမှုဆောင်ဒါရိုက်တာ ဘာဘလူ လွိုင်တုန်ဘမ်က ပြောကြားရာတွင် ဥပဒေအရ အရွယ်မရောက်သေးသူ ခြောက်ဦးအပါအ၀င် မြန်မာနိုင်ငံသား ၂၉ ဦးကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က အိန္ဒိယနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုအတွက် ဖမ်းဆီးခဲ့ပြီးနောက် ချူရာချန်ပူရ် ဒေသ New Lamka အရပ် Saadbhavana Monadop ရှိ တရားရေးဆိုင်ရာ ထိန်းသိမ်းဖမ်းဆီးမှုအောက်တွင် ထိန်းသိမ်းထားခဲ့ကြောင်း ပြောခဲ့သည်။

၎င်းတို့သည် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း နှိပ်စက်ခံရမည့် အရေး စိုးရိမ်ရမှုနှင့် ခြိမ်းခြောက်မှုတို့ကြောင့် ခိုင်လုံတရား၀င်သည် အထောက်အထား စာရွက်စာတမ်းများ မပါဘဲ နယ်စပ်ဖြတ်ကျော်၀င်ရောက်ထားခဲ့ကြောင်း ပြည်တွင်းတရားရုံးတစ်ခုက မှတ်တမ်းယူပြီးနောက် ဧပြီ ၇ ရက်တွင် ၎င်းတို့ကို ရဲအချုပ်တွင် ထားရှိရန် ရမန်ပေးခဲ့သည်။

ယင်းနောက် ၎င်းတို့ကို တရားရေးဆိုင်ရာ ထိန်းသိမ်းရေးစင်တာတွင် ထားရှိရန် ရမန်ပေးခဲ့သည်။ မဏိပူရ် အစိုးရသည် အဆိုပါ တရားရေး ထိန်းသိမ်းမှုစင်တာကို ၁၉၉၄ ခုနှစ် အကျဉ်းထောင်အက်ဥပဒေအောက်တွင် ယာယီ အကျဉ်းထောင်တစ်ခုအဖြစ် ထုတ်ဖော်ထားခဲ့သည်။

အစိုးရသည် ကနဦးက အဆိုပါ မြန်မာနိုင်ငံသား ၂၉ ဦးကို အင်ဖာမြို့ရှိ မတူညီသော ထောင်များသို့ လွှဲပြောင်းပို့ဆောင်ရန် စီစဉ်ထားခဲ့သည်။ တကွဲတပြားစီ နေရမည်ကိုစိုးရိမ်သဖြင့် ၎င်းတို့သည် အားလုံးအတူတကွ နေခွင့်ရရေး အာဏာပိုင်များထံ တောင်းဆိုခဲ့သည်။

“အာဏာပိုင်တွေက သူတို့ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ပါတယ်၊ ဒါပေမယ့် အစားအသောက် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာတော့ သူတို့ကို ဘာမှမပေးခဲ့ပါဘူး” ဟု မစ္စတာ လွိုင်တုန်ဘမ်က ပြောသည်။ ပြည်တွင်း အဖွဲ့အစည်းများက ၎င်းတို့အတွက် အစားအသောက်များကို တာ၀န်ယူ စီစဉ်ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

ကမ့်တွင် ရှိနေသည့် အကျဉ်းသားများသည် မေလကုန်ပိုင်းတွင် စတင်နေမကောင်းဖြစ်လာခဲ့ပြီး ၎င်းတို့အနက် ကိုးဦးတွင် ကိုဗစ်-၁၉ ပိုးရှိနေကြောင်း ဇွန်လ ၅ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းနောက် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ပြန်လည် သက်သာကောင်းမွန်ခဲ့သည်။

“ထိန်းသိမ်းဖမ်းဆီးခံထားရသူတွေဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ပေးကမ်းကူညီမှုတွေအပေါ်မှာပဲ အားကိုးခဲ့ရတာပါ၊ သူတို့ဟာ အခြား အကျဉ်းသားတွေလိုမျိုး သူတို့ ရသင့်တဲ့ လုံလောက်တဲ့ အာဟာရရှိ အစားအသောက်တွေ၊ ဆေးကုသစောင့်ရှောက်မှု  စတဲ့အခွင့်အရေးတွေ မရဘဲ ပိတ်ပင်ခံခဲ့ရပါတယ်” ဟု မစ္စတာ လွိုင်တုန်ဘမ်က ပြောသည်။ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့မှုမှာ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ်ခွဲ ၂၁ တွင် ပြဋ္ဌာန်းပါ၀င်သည့် အသက်ရှင်နေထိုင်ခွင့်ကို ချိုးဖောက်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ယခုအခါ စင်တာမှ အကျဉ်းထောင်အဖြစ် ပြောင်းထားသည့်နေရာတွင် ရှိနေသော အကျဉ်းသားများကို အာဟာရပြည့် အစားအစာများနှင့် ပုံမှန် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို အစိုးရမှ ထောက်ပံ့ပေးအပ်ရေးနှင့် သေဆုံးခဲ့သည့် အမျိုးသမီးနှစ်ဦး၏ ဆွေမျိုးရင်းချာများကို နစ်နာကြေး ထုတ်ပေးရေးတို့အတွက် MHRC ဘက်က ညွှန်ကြားလုပ်ဆောင်ပေးရန် HRA က ပန်ကြားခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးအဖွဲ့သည် မမြင့်နှင့် မမူခိုင်တို့ သေဆုံးမှုကိစ္စကို ဖြေရှင်းရာတွင် ထိန်းသိမ်းဖမ်းဆီးခံရစဉ်အတွင်း သေဆုံးမှုဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဂိုက်လိုင်းများအတိုင်း ထိန်းသိမ်းလိုက်နာရန် လုပ်ဆောင်ခဲ့သည်။ ဂိုက်လိုင်းများထဲတွင် NHRC အတွင်းရေးမှူးထံ မဖြစ်မနေ သတင်းပေးပို့ခြင်းနှင့် သြဇာအာဏာရှိ စုံစမ်းမှုတစ်ခု လုပ်ဆောင်ခြင်းတို့ ပါ၀င်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly