နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၅ ရက် ၊ ဆားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာရှိ ဒေသခံပြည်သူများ၏ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းကြီးပေါ်ရှိ BCO မှတ်တိုင်အနီး အမှိုက်ပုံတွင် ပေါက်ကွဲစေနိုင်သည့်ပစ္စည်း တွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက နံနက် ၈ နာရီခန့်တွင် လမ်းပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• တောင်ဒဂုံမြို့နယ်နေ လူငယ်များကလည်း မြို့နယ်တွင်း လမ်းမကြီးများပေါ်တွင် ဆေးအနီများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးသားကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• သာကေတမြို့နယ်(၇) စျေးတွင် အိမ်သာစောင့်အဖြစ် လုပ်ကိုင်သူ မဋ္ဌေးဋ္ဌေးဝင်းမှာ အမည်မသိသူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပခုံးနှင့် ပါးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းမှာ (၇) ရပ်ကွက် သမဝါယမတန်းလျာတွင် နေထိုင်သူဖြစ်ကာ အမျိုးသားမှာ စည်ပင်ဝန်ထမ်းနှင့် သားဖြစ်သူမှာ တပ်ဘက်က ဖြစ်ပြီး သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး

• ဗန်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသ သပိတ်စစ်ကြောင်း ခေါင်းဆောင် ကိုမြတ်သူအပါအဝင် လေးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နေထိုင်ရာအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားသည်။ ထို့ပြင် ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုညီညီကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်အုပ်စုလက် နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားပြီး ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။ 

• မန်း မဟာမိတ်တပ်ပေါင်းစုကလည်း ယနေ့နံနက်ပိုင်းတွင် "ရဲဘော်တို့လာ စုရုံးလေ အဆုံးစစ်ပွဲ နွှဲမယ်လေ" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းလည်း မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းတွင် စစ်အုပ်စုတပ်များ တပ်စွဲထားသည့် နေရာများအ နီးထိ သွားရောက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသားသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း မတရားဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးမြို့နေ လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား ပန်းပွင့်များဖြင့် ပုံဖော်၍ အိမ်တွင်းပန်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေးမြို့၊ မြို့လယ်နေရာများတွင် စစ်အုပ်စုလက်နက်ကိုင်များက ရဲကားတစ်စီးဦးဆောင်ကာ အင်အားအပြည့်တင်ထားသည့် စစ်ကားနှစ်စီးဖြင့် ကင်းလှည့်မှုများအား ပြုလုပ်နေကာ ယမန်နေ့ညပိုင်းက မြို့အနှံ့ ပစ်ခတ်သံများ ကြားသိခဲ့ရသည် ဟု မန္တလေးနန်းရှေ့နေ မြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။

• မြင်းခြံမြို့၊ မလှိုင် ရွှေပေါ်ကျွန်းကျေးရွာတွင် စစ်အုပ်စုသတင်းပေးဟု သတင်းထွက်နေသူ မမြမြစိုး ဆိုသူမှာ ယမန်နေ့ ညနေပိုင်း ၃ နာရီခန့်က ဓားထိုးခံရမှုကြောင့် သေဆုံးသွားပြီ ဖြစ်သည်။ 

• သာစည်မြို့နယ်နေ လူငယ်များကလည်း "အလံမလဲသေး စံဖဲသွေး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ် ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့၊ ဆိုရှယ်လစ်လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် စစ်မှုထမ်းဟောင်းနှင့် အုပ်ချုပ်ရေးမှူးဟောင်း ကျော်စိုးထွဋ် (ခ) ကျော်ကျော်အား သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းမှာ မိမိတို့ ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

• ပေါင်းတည်မြို့၊ ဟင်္သာရပ်ကွက်နေ ကိုပြည့်ဘုန်းပိုင်ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့နံနက်ပိုင်းက နေအိမ်၌ လာရောက်ရှာဖွေစဉ် မတွေ့သဖြင့် ဓားစာခံဖမ်းဆီးသွားသည့် အဘိုးဖြစ်သူ အသက် ၈၀ အရွယ် မြို့နယ် NLD ပါတီအမှုဆောင် ဦးစံမောင်နှင့် ဖခင်ဖြစ်သူ မြေလတ်အသံသတင်းဌာန သတင်းထောက် ဦးအောင်ကြီး (ခ) ဦးမင်းဆွေအောင်တို့အား ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့က သီးခြားစီခွဲ၍ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF အနေဖြင့် NUG အစိုးရက D-Day ခေါ်သည်နှင့် အခြားပြည်နယ်များနှင့် တိုင်းအားလုံးတွင် ဖွဲ့စည်းထားသည့် PDF များနှင့်အတူ တိုက်ပွဲဝင်ရန် လူသူ၊ လက်နက်အင်အားတို့အား သိုသိပ်စွာ ပြင်ဆင်နေသည့်အတွက် သတင်းအချက်အလက်များ လျှို့ဝှက်စွာထိန်းသိမ်းထားရခြင်းအား နားလည်ခွင့်လွှတ်ပေးရန် ပြည်သူများ အား မေတ္တာရပ်ခံကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ရွှေဘိုမြို့နယ် ရွာသာရှိ အ.မ.က ကျောင်းအုပ်ဖြစ်သူ ဦးကျော်ဦးဆိုသူမှာ ယမန်နေ့ ညနေပိုင်း ၄ နာရီခန့်က အမည်မသိသူ တချို့က နေအိမ်အတွင်း ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သည့်အတွက် သေဆုံးသွားပြီ ဖြစ်သည်။ 

• ကောလင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အင်အားဖြည့်တင်းရန် တက်လာသည့် စစ်အုပ်စုယာဉ်တန်းအား ကချင်လွတ် မြောက်ရေးတပ်မတော် - KIA နှင့် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုယာဉ် တန်းမှ ကားနှစ်စီး မီးလောင်ပျက်စီးကာ အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည်ဟု သိရသည်။ 

• ကနီမြို့နယ်၊ ထူးပေါက်ကျေးရွာ၌ ယမန်နေ့ညက တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်တပ်များမှာ ယနေ့နံနက်ပိုင်းက ကျေးရွာနေပြည်သူလေးဦးအား ဓားစာခံအဖြစ် ခေါ်ဆောင်၍ ကျေးရွာအထက်ဘက်ရှိ လက်ပံစု၊ ဆင်အို၊ အိုင်သာကျေးရွာ ဘက်သို့ ကုန်းလမ်း၊ ရေလမ်းတို့မှ နှစ်ဖွဲ့ခွဲ၍ တက်သွားကြောင်း သိရသည်။ 

• မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာအတွင်းမှ ဒေသခံသုံးဦးအား စစ်အုပ်စုလက်နက်ကိုင်များနှင့် ပျူစောထီးအဖွဲ့ဝင် များက ယမန်နေ့ ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ချင်းတွင်းမြစ်အတွင်းသို့ မျှောချစွန့်ပစ်ခဲ့ကြောင်း သိရပြီး သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ 

• ကလေးမြို့နေ လူငယ်များကလည်း ကိုဗစ်ကူးစက်မှုများ မြင့်မားနေသည့်ကြားကပင် ကိုဗစ်မပြန့်ပွားရေး စည်းကမ်းချက် များနှင့်အညီ သပိတ်စစ်ကြောင်းထွက်၍ မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယင်းမာပင်ခရိုင် ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လူအင် အား ရာနှင့်ချီ စုဝေးကာ ကျေးရွာများတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား အများအပြားဖြင့် ကျေးရွာများတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြတော်လှန်ခဲ့ကြသည်။ 

• ဘုတလင်မြို့နေ ပြည်သူများကလည်း ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

• ဒီပဲယင်းမြို့နယ်၊ ကျည်ရွာတွင် လူစုနေသည်ဟုဆိုကာ သတင်းပေးဒလန်များက သတင်းပေးသဖြင့် စစ်အုပ်စုလက်အောက်ခံ တပ်မ ၄၄ မှ လက်နက်ကိုင်တပ်များက ရွာအတွင်း တပ်စွဲထားသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြ ရသည်။ စစ်အုပ်စုက ဒီပဲယင်းမြို့နယ်အတွင်း ရွာများ၌ ပြီးခဲ့သည့် ရက်များက လက်နက်ကြီးသုံး ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့်အတွက် ဒေသခံအများအပြား သေဆုံးခဲ့သည့်အပြင် တောတွင်းတိမ်းရှောင်နေသည့် ဒေသခံအမျိုးသမီးတစ် ဦးမှာလည်း မြွေကိုက်ခံရသော်လည်း ကုသမှု မခံယူနိုင်သည့်အတွက် သေဆုံးခဲ့ရသည်။

မကွေးတိုင်းဒေသကြီး

• ပွင့်ဖြူမြို့နယ် မကျည်းကုန်းကျေးရွာတွင် စစ်အုပ်စုသတင်းပေးများက လက်နက်ရှိသည်ဟုဆိုကာ သတင်းပေးမှုကြောင့် ကျေးရွာသား ကိုနောင်နောင်ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးသွားသည်။ ပွင့်ဖြူမြို့နယ်နှင့် မြို့နယ်တွင်း ကျေးရွာများတွင် သတင်းပေးဒလန်များ တိုင်ကြားမှုကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း ဒေသခံ အမြောက်အမြား ဖမ်းဆီးခံထားရသည်။ 

• ပေါက်မြို့၊ အ.ထ.က ကျောင်းဝင်းတွင် ယနေ့နံနက်ပိုင်းက ကျယ်လောင်သည့် အသံဗုံးတစ်ခု ပေါက်ကွဲခဲ့ရာ ထိခိုက်သူ မရှိခဲ့ဘဲ အဆိုပါကျောင်းတွင် ယခင်က စစ်အုပ်စုက တပ်စွဲထားခဲ့ပြီး ကျောင်းပြန်ဖွင့်သော်လည်း လုံခြုံရေးလက်နက်ကိုင်စစ် သားများ ဆက်ရှိနေဆဲကျောင်းတစ်ခု ဖြစ်သည်။ 

• ဂန့်ဂေါမြို့နယ်နေ လူငယ်များကလည်း ယာခင်းများအတွင်း၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• မော်လမြိုင်ကျွန်း (မော်ကျွန်း) မြို့နယ်၊ စျေးလေးလမ်းရှိ အမှတ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး (ဌာနပြည်သူ့စစ်တပ်ခွဲရုံး) တွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်မောင်၏ စားပွဲခုံအောက်တွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရုံးအတွင်းရှိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

• ကိုဗစ်ကူးစက်မှုများ မြင့်မား၍ Stay at Home ကြေညာထားခံရသည့် မြို့နယ်များရှိသည့် ဧရာဝတီတိုင်းတွင် စစ်အုပ်စု "အ" သုံးလုံး သင်တန်းဖွင့်ရန် ပြင်ဆင်နေကာ ခရိုင်ပညာရေးမှူးရုံးများမှတစ်ဆင့် သင်တန်းဖွင့်လှစ်ရေးစီမံချက်များ တောင်းထားသည်ဟုလည်း သိရသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်နှင့် လောင်းလုံမြို့နယ်တို့တွင် ယမန်နေ့ညပိုင်းက လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားခဲ့သည်။ လောင်းလုံမြို့နယ်၊ သင်္ဘော့ဆိပ်ကျေးရွာအုပ်စု၊ ပြင်ကြီးရွာနေ အသက် ၄၀ အရွယ် ဦးစောလှနှင့် ဇနီးဖြစ်သူတို့မှာ ငါးရောင်းရာမှအပြန် ကရင်ကြီးကျေးရွာနှင့် ပညစ်ကျေးရွာအကြားတွင် တိုက်ခိုက်ခံရကာ ဦးစောလှ သေဆုံးခဲ့ကာ ဇနီးဖြစ်သူမှာ ဓားဒဏ်ရာများ ရရှိခဲ့ သဖြင့် စစ်ဆေးရုံ၌ ကုသမှု ခံယူနေရသည်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင်လည်း ယမန်နေ့ညပိုင်း ၇ နာရီခန့်က မျက်နှာဖုံး Mask ဝတ်ထားသူတစ်ဦးက အဆိုပါရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်ဆိုသူ နေအိမ်အား ဝင် ရောက်ကာ သုံးဘီးငှားလို့ မရဘူးလားဟု မေးမြန်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ညာဘက်မျက်ခုံးအပေါ်ဘက် တွင် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံးသို့ ပို့ဆောင်၍ ကုသမှု ခံယူနေရသည်။ 

• လောင်းလုံမြို့နယ် ကြက်ယက်တွင်း၊ မိန်းမချော၊ ပြင်ချောင်းနှင့် နတ်စင်ရှောင်ကျေးရွာတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်၍ ကျေးရွာများတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ သကျက်တောကျေးရွာတွင်လည်း အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မောင်းမကန်၊ စစ်ပြဲနှင့် ညင်းမော်ကျေးရွာများတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်းများ ကိုယ်စီထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ကြွေးကြော်ကာ ကျေးရွာများတွင်း လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အောက်ရေဖြူကျေးရွာတွင်လည်း ယနေ့ နေ့လယ်ပိုင်းက ကျေးရွာသပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်အခြေစိုက် ဗကသကျောင်းသားလူငယ်များကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်သပိတ်စစ်ကြောင်းတို့ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "ငါတို့ ငြိမ်သက်သွားမှာ မဟုတ်ဘူး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြိတ်မြို့အဝင်ဝတွင် စစ်အုပ်စုက လက်နက်များ ပြင်ဆင်နေသည့်ပုံအား ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ်တွင် တင်သည်ဟုဆိုကာ မြိတ်မြို့၊ ကျွဲကူးကျေးရွာ သုဝဏ္ဏရပ်ကွက်တွင် နေထိုင်သူ မအေးချမ်းမွန်နှင့် မဇင်မာဖြိုးတို့နှစ်ဦးအား ၎င်းတို့၏ နေအိမ်များ၌ ဇူလိုင်လ ၄ ရက် နံနက် ၁ နာရီခန့်တွင် ဝင်ရောက်ဖမ်းသွားခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေ ပြည်သူများကလည်း ယနေ့ ညနေပိုင်းတွင် သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• ဟိုပင်မြို့၊ သဲဂုဏ်ရွာ ဘုန်းတော်ကြီးကျောင်းအား ယမန်နေ့ညပိုင်း ၇ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များနှင့် ပျူစောထီးအဖွဲ့များက စစ်ကားတစ်စီး၊ ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်လာကာ လူမှုကွန်ရက်ပေါ်၌ စစ်အုပ်စုဆန့်ကျင်ရေးသတင်း များ တင်သည်ဟုဆိုကာ ဝင်ရောက်စီးနင်း၍ ကျောင်းထိုင်ဆရာတော်အား ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစီးနင်းမှု ကြောင့် ကျောင်းရှိ သံဃာအချို့နှင့် ကျေးရွာနေ ပြည်သူများလည်း တိမ်းရှောင်နေကြရသည်။ 

• ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာအနီးရှိ စစ်အုပ်စုတပ်များ ကင်းပုန်းဝပ်နေသည့်နေရာနှင့် ရွှေကူမြို့ မြို့မရဲစခန်းအားတို့အား ယမန်နေ့ညပိုင်း ၁၁ နာရီနှင့် ၁၁ နာရီကျော်ခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပူးပေါင်း၍ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် - SPDF က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

• မိုးကောင်းမြို့နေ လူငယ်များကလည်း NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း အာရုဏ်ဦး သပိတ်ပြုလုပ်ကာ ဆန္ဒပြတော်လှန်ခဲ့သည်။ 

• နမ္မတီးမြို့ခံ လူငယ်များကလည်း ယနေ့နံနက်ပိုင်းတွင် အာရုဏ်ဦးသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ်နေပြည်သူများကလည်း စစ်အုပ်စုက အင်အားသုံးဖိနှိပ်နေသည့် စစ်ကိုင်းတိုင်း ကောလင်း၊ ဒီပဲယင်းတို့နှင့်အတူ ရပ်တည်ကြောင်း ကြွေးကြော်ကာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကယားပြည်နယ်

• လွိုင်ကော်မြို့၊ ကြည်သာယာရပ်ကွက် ဓမ္မာရုံးအနီးတွင် ဦးမြင့်သိန်းဆိုသူအား အမည်မသိသူများက သေနတ်ဖြင့် ဝင်ရောက်ပစ် ခတ်ခဲ့သည့်အတွက် ကျည်ဆံထိမှိ်နခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ည ၉ နာရီကျော်တွင် သေဆုံးသွားခဲ့သည်။ 

ကရင်ပြည်နယ်

• လှိုင်းဘွဲ့မြို့နယ်တွင် တရီဖိုးကွီးကျေးရွာစာသင်ကျောင်းနှင့် ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတို့တွင် ယနေ့ကျရောက်သည့် ကော်သူလေးတပ်မတော်နေ့အဖြစ် တပ်မတော်ဖြစ်ပုံလာပုံနှင့် ပတ်သက်၍ ကရင်အမျိုးသားတပ်မတော် - KNU တာဝန်ရှိသူများက ဟောပြောပွဲများ ပြုလုပ်ခဲ့ သည်။ ကရင့်တပ်မတော်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် နှစ်ပေါင်းများစွာကတည်းက လက်နက် ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

• ပြီးခဲ့သည့် ဇွန်လအတွင်းက KNU နှင့် စစ်အုပ်စုအကြား တိုက်ပွဲများကြောင့် မြိုင်ကြီးငူနှင့် ကမမောင်းတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်မိသားစု ၉၅၄ စုမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ 

ချင်းပြည်နယ်

• မင်းတပ်တွင် တိုက်ပွဲများကြောင့် ပြည်သူတို့၏ စားဝတ်နေရးနှင့် ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များအတွက် ခက်ခဲနေချိန်တွင် စားသောက်ကုန်များအား စျေးမြှင့်တင်ရောင်းချမှုများ ပြုလုပ်နေသည့်အတွက် သင့်တင့်သည့် နှုန်းထားဖြင့်သာ ရောင်းချကြရန်နှင့် လိုက်နာမှုမရှိက ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု ကုန်သည်များအား မင်းတပ်မြို့နယ်အုပ် ချုပ်ရေးအဖွဲ့က ယနေ့နေ့စွဲဖြင့် စာထုတ်ပြန် သတိပေးထားသည်။ 

• မင်းတပ်တွင် အပစ်ရပ်ထားသော်လည်း စစ်အုပ်စုဘက်က အင်အားတိုးချထားမှုများ ဆက်လုပ်နေကြောင်း ဒေသခံများထံက သိရသည်။ 

• ထန်တလန်မြို့တွင် မြို့ခံများက ဒလန်ဟု သတ်မှတ်ခံထားရသူတစ်ဦးမှာ လုံးတီာလ်ရပ်ကွက်၌ ဆိုင်ကယ်စီးနင်းလာစဉ် နေ့လယ် ၃ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်ခံရသည့်အတွက် သေဆုံးသွားသည်ဟု သိရကာ ဖြစ်စဉ်အသေးစိတ်နှင့် သေဆုံးသွားသူအကြောင်းအား ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ်နေ ပြည်သူမျးကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ရှမ်းပြည်နယ်

• ဟိုပုံးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၁၀ နာရီကျော်အချိန်က ဓာတ်ဆီပုလင်း ပစ်သွင်းခံရမှု ဖြစ်ပွားခဲ့ကာ ပြတင်းပေါက်တွင် သံဇကာခံနေသည့်အတွက် မှန်များသာ ကွဲသွားခဲ့ရာ ဖြစ်ပွားမှုအပြီး စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဟိုပုံးမြို့နယ်ပညာရေးမှူးမှာ CDM ပြုလုပ်သည့် ဝန်ထမ်းများအား ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ယခင်ကလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ် အဆိုပါရုံး၌ ဖြစ်ပွားထားသည်။ 

• သီပေါမြို့နေ လူငယ်များကလည်း "ကိုဗစ်ဖြစ်ဖြစ် မဖြစ်ဖြစ် အာဏာပြန်မပေးမချင်း ငါတို့က ဆက်တော်လှန်နေမှာပဲ" ဟု အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ်တွင်း မြို့နယ်များတွင် ပြီးခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ကိုဗစ်ကူးစက်မှု မြင့်မားလာခဲ့ပြီးနောက် ယနေ့တွင် စစ်တွေမြို့၌ စစ်အုပ်စုလက်အောက်ခံ ဌာနများ စုပေါင်းကာ ကိုဗစ်ကာကွယ်ရေး သတိပေးနှိုးဆော်မှု ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ဆက်သွယ်ရေးအမှုဆောင်များအား ခွင့်ပြုချက် မရှိဘဲ နိုင်ငံမှ ထွက်ခွာခွင့်မပြုရန် စစ်အုပ်စုက ညွှန်ကြားထားသည်။ 

• မြန်မာ့အရေး ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးရေးကို အားပေးပြီး အခြေခံဥပဒေနှင့် ဥပဒေဘောင်များအတွင်းက ဖြေရှင်းရမည်ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုထားသည်။ 

• ဂျပန်သံအမတ်များနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ - JICA မှ အရာရှိများ နေထိုင်သည့် ရန်ကုန်မြို့၊ ရွှေတောင်ကြားရှိ Prestige Residences ကွန်ဒိုအား စစ်အုပ်စုလက်နက်ကိုင်များက ဧပြီလအတွင်း ဝင်ရောက်စီး နင်းခဲ့ကာ တားမြစ်သည့် မြန်မာနိုင်ငံသား မန်နေဂျာနှင့် ဝန်ထမ်းတချို့ကိုလည်း ရိုက်နှက်ကာ CCTV မှတ်တမ်းများကိုလည်း ဖျက်ဆီးခိုင်းခဲ့ကြောင်း ဂျပန်နိုင်ငံအခြေစိုက် အဆာဟိရှင်ဘွန်းသတင်းဌာနက ယနေ့နေ့စွဲဖြင့် သတင်းရေးသား ထုတ်ပြန်ထားသည်။ 

• အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဖွဲ့စည်းထားသည့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်၏ ပထမဦးဆုံး အစည်းအဝေးက ယနေ့တွင် ပြုလုပ်ခဲ့ကာ လတ်တလော အာဏာရှင်ဘေးနှင့် ကိုဗစ်ဘေးအန္တရာယ်ကြုံတွေ့နေရသော ပြည်သူများအား ထိရောက်သော အကူအညီများ လျင်မြန်စွာ ပံ့ပိုးကူညီနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းအစီအစဉ်များ ချမှတ်ခဲ့သည်ဟု သိရသည်။ 

• စစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်က ယနေ့တွင် အမေရိကန်ဒေါ်လာ သုံးသန်းအား တစ်ဒေါ်လာလျှင် ၁၆၂၅ ကျပ်နှုန်းဖြင့် ထုတ်ရောင်းခဲ့သည်။ 

• နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရာတွင် တရားလိုဘက်က တင်သွင်းသည့် သက်သေခံစာရွက်များအား လက်မခံကြောင်း ရှေ့နေအဖွဲ့၏ ကန့်ကွက်ချက်ကို မြို့နယ်တရားရုံးက ယနေ့ရုံးချိန်းတွင် ပယ်ချသည့်အတွက် ခရိုင်တရားရုံးသို့ ဆက်လက်တင်ပြသော်လည်း လက်မခံဘဲ ချက်ချင်းပယ်ချခဲ့သည်။ 

ဇူလိုင် ၅ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် လူထုပြောက်ကျားသပိတ်ရှိခဲ့ကာ စစ်အုပ်စုသတင်းပေး ဒလန်ရှင်းလင်းမှုများလည်း ရှိခဲ့သည်။ စစ်အုပ်စုက ဆန္ဒပြမှုများ ရှိတတ်သည့် မြို့နယ်များတွင် အင်အားအများအပြား သုံး၍ ကင်းလှည့်မှုများ ဆက်တိုက်ရှိနေဆဲ ဖြစ်ပြီး ဆိုင်ကယ်ဖမ်းဆီးမှုများလည်း ပိုမိုများပြားလာလျက်ရှိသည်။ 

• မန္တလေးတွင် လူထုဆန္ဒပြပွဲများ ဆက်ရှိနေကာ စစ်အုပ်စုဘက်က အင်အားအများအပြားဖြင့် ကင်းလှည့်မှုများ ပြုလုပ်လာ လျက်ရှိသည်။ ယမန်နေ့ညပိုင်းက မန္တလေးမြို့ပေါ် နေရာအများအပြား၌ သေနတ်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုအချို့ ရှိခဲ့ပြီး ဖြစ်ပွားမှုများမှာ အသွားအလာကန့်သတ်ထားသည့် အချိန်များ၌ ဖြစ်သည်။ စစ်အုပ်စုဘက်က သပိတ်ခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား သတင်းပေးများ အကူအညီဖြင့် လိုက်လံဖမ်းဆီးမှုများအား ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုဘက်က အင်အားသုံးစီးနင်းမှုများ ဆက်တိုက်ပြုလုပ်နေ ကာ ကောလင်းဘက်တွင်မူ စစ်အုပ်စုယာဉ်တန်းနှင့် စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ၏ အဆောက်အဦ များအား မကြာခဏ တိုက်ခိုက်ခံနေရသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ ဆက်ရှိနေကာ အချို့မြို့ကြီးများတွင်မူ ကိုဗစ်ကူးစက်မှု မြင့် မားလာခြင်းကြောင့် ဆန္ဒပြပွဲများ မရှိသလောက် ဖြစ်နေသည်။ 

• စစ်အုပ်စုဘက်တွင် ယခုအချိန်အထိ လမ်းပေါ်တက် ဆန္ဒပြမှုများနှင့် တန်ပြန်တိုက်ခိုက်မှုများမှာ ဖိအားအဖြစ် ဆက်ရှိနေဆဲ ဖြစ်ကာ နိုင်ငံတကာဖိအားလျော့ချရန်အတွက် တရုတ်နိုင်ငံမှတစ်ဆင့် စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဖြင့်သာ သွားလိုကြောင်း နိုင်ငံတကာသို့ သတင်းထုတ်လွှင့်လျက်ရှိသည်။ စစ်အုပ်စုဘက်က လက်နက်ဖြင့်ပါ ခုခံနေသည့် ဒေသများတွင် အင်အားအလုံးအရင်းသုံး ဖိနှိပ်သတ်ဖြတ်မှု များအား ဆက်တိုက်ပြုလုပ်နေကာ မြို့ကြီးများပေါ်တွင်လည်း အကြောင်းမျိုးစုံပြ ဖမ်းဆီးမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly