တရုတ်အာကာသယာဉ်မှူးများ နိုင်ငံအတွက် ပထမဆုံး အာကာသလမ်းလျှောက်မှု အောင်မြင်ပြီးမြောက် 

တရုတ်အာကာသယာဉ်မှူးများ နိုင်ငံအတွက် ပထမဆုံး အာကာသလမ်းလျှောက်မှု အောင်မြင်ပြီးမြောက် 

ကမ္ဘာဂြိုဟ်ပတ်လမ်းထဲက တီယန်ဂေါင်း အာကာသယာဉ်စခန်းသစ်ရဲ့ အပြင်ဖက်မှာ တရုတ်အာကာသယာဉ်မှူးတွေဟာ ခုနစ်နာရီကြာ အလုပ်လုပ်ရင်း နိုင်ငံအတွက် ပထမဆုံး အာကာသလမ်းလျှောက်မှုကို တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

အင်္ဂါဂြိုဟ်ပေါ် စူးစမ်းယာဉ် လွှတ်တင်တာနဲ့ လကမ္ဘာကို ပိုမို စူးစမ်းလေ့လာတာတွေ လုပ်ဆောင်နေတဲ့ တရုတ်ဟာ ၎င်းတို့ရဲ့ ရည်မှန်းချက်ကြီးတဲ့ အာကာသစီမံကိန်းရဲ့ အဓိက ခြေလှမ်းတစ်ရပ်အဖြစ် တီယန်ဂေါင်း အာကာသယာဉ်စခန်းကို တည်ဆောက်လွှတ်တင်ထားတာပါ။ 

တီယန်ဂေါင်း အာကာသယာဉ်စခန်းအတွက် ပထမဆုံး ယာဉ်မှူးတွေအဖြစ် ပြီးခဲ့တဲ့လမှာ အာကာသယာဉ်မှူး သုံးဦးကို ပို့လွှတ်ခဲ့တာ ဖြစ်ပြီး ဒီ ယာဉ်မှူး သုံးဦးအနေနဲ့ တရုတ်ရဲ့ အရှည်ကြာဆုံးဖြစ်မယ့် ယာဉ်မှူးတွေပါ အာကာသမစ်ရှင်အဖြစ် ဒီ အာကာသယာဉ်စခန်းမှာ သုံးလကြာ နေထိုင်ကြမှာပါ။ 

တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ အာကာသယာဉ်မှူးနှစ်ဦးဟာ တီယန်ဂေါင်း အာကာသယာဉ်စခန်းကနေ ထွက်လာကြပြီး ပထမဆုံး အာကာသလမ်းလျှောက်မှုကို ခုနစ်နာရီနီးပါးကြာ လုပ်ဆောင်ခဲ့တယ်လို့ တရုတ် လူလိုက်ပါသော အာကာသအေဂျင်စီက ပြောပါတယ်။ 

“ကျွန်တော်တို့ နိုင်ငံရဲ့ အာကာသယာဉ်စခန်း တည်ဆောက်ရေးမှာ အာကာသယာဉ်မှူး လျူပိုမင်းနဲ့ တျန်ဟောင်ပိုတို့ဟာ အာကာသယာဉ်စခန်းအပြင်ဖက်က တီယန်ဟီ ဗဟိုမော်ကျူးဆီ သွားရောက်ခဲ့ပြီး ဘေးကင်းစွာနဲ့ အာကာသယာဉ်စခန်းထဲ ပြန်လည်ဝင်ရောက်ကာ ပထမဆုံး အာကာသလမ်းလျှောက်မှုကို အောင်မြင်ပြီးမြောက်စေခဲ့တယ်”လို့ အဆိုပါ အေဂျင်စီက ဆိုပါတယ်။ 

ယာဉ်မှူးနှစ်ဦးရဲ့ အာကာသလမ်းလျှောက်မှု မစ်ရှင်မှာ တီယန်ဟီ မော်ကျူးအပြင်က မြင်ကွင်းကျယ်ကင်မရာတစ်လုံးကိုလည်း ချိန်ဆမြှင့်တင်ပေးခဲ့သလို အာကာသယာဉ်စခန်းပတ်လည်မှာ နောက်ပိုင်းရှိလာမယ့် မော်ကျူးတွေကို အပြောင်းအရွှေ့လုပ်ရာမှာ အသုံးပြုမယ့် အာကာသယာဉ်စခန်းရဲ့ စက်ရုပ်လက်တံကိုလည်း စစ်ဆေးစမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။ 

ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာ အာကာသယာဉ်စခန်းက ထွက်လာတဲ့ လျူပိုမင်းက “အိုး၊ ဒီအပြင်မှာ တအား လှပါလား”ဆိုပြီး အံ့ဩတကြီး ပြောလိုက်သံကိုလည်း ကြားရပါတယ်။ 

လျူပိုမင်းနဲ့ တျန်ဟောင်ပိုတို့ဟာ အလေးချိန် ၁၃၀ ကီလိုဂရမ်ခန့်ရှိတဲ့ အာကာသဝတ်စုံသစ်ကို ဝင်ဆင်ထားပြီး အာကာသယာဉ်စခန်း အပေါက်ကနေ သီးခြားစီ ထွက်လာခဲ့ကြတာပါ။ သူတို့နှစ်ဦးကို ယာဉ်ထဲမှာ ကျန်ရစ်တဲ့ မစ်ရှင်ဦးစီး နီဟေရှန်က အထောက်အကူ ပြုပေးနေတာပဲ ဖြစ်ပါတယ်။ နီဟေရှန်အတွက် အခုတစ်ခေါက် အာကာသမစ်ရှင် သုံးကြိမ်မြောက် မစ်ရှင်ပဲ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ ကွန်မြူနစ်ပါတီ ရာပြည့်ကာလမှာ အခုလို အာကာသလမ်းလျှောက်မှုကို လုပ်ဆောင်လာနိုင်ခဲ့တာဖြစ်ပြီး အခု မစ်ရှင်အတွက် နာရီပေါင်း ၆၀၀၀ ကျော်ထက်မနည်း ပြင်ဆင်လေ့ကျင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required