နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဇူလိုင် ၂၀၂၁)
ပုံ - ဖားကန့်မြို့နယ် တာမခန်မြို့သစ်တွင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေးသပိတ်ကို ဇူလိုင် ၄ ရက်နေ့မနက်ပိုင်းပြောက်ကျားသပိတ်ဖြင့်အောင်မြင်စွာ ကျင်းပပြုလုပ်မြင်ကွင်း (Photo - CJ )

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်း ၈ နာရီကျော်အချိန်တွင် တစ်အိမ်တက် ဆင်း ဝင်ရောက်စီးနင်း စစ်ဆေးကာ လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးသွားသည်။ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ကုန်းတံတားအနီးတွင် ပေါက်ကွဲမှုနှစ်ကြိမ် ရက်ဆက်ဖြစ်ပွားပြီးနောက် အဖမ်းအဆီးများပြားလာခြင်း ဖြစ်သည်။ 

• လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရန်ကင်း (၆) လမ်းရှိ စစ်အုပ်စုခန့် ရာအိမ်မှူး ဦးအောင်ဋ္ဌေးနိုင်မှာ ယမန်နေ့ ညနေပိုင်းက အိမ်ရှေ့ရှိ ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်နေစဉ် အမည်မသိသူအချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျည်ထိမှတန်ကာ လှည်းကူးဆေးရုံ၌ ကုသမှု ခံယူနေရကာ ယင်းပစ်ခတ်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း လှည်းကူးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ 

• သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလာနှင့် သရက်တောလမ်းထောင့်ရှိ NLD အစိုးရလက်ထက် အစိုးရသိမ်းထားသည့် Musci Zone KTV အား စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြန်လည်ဖွင့်ခွင့်ပေးထားရာ ယမန်နေ့ည ၉ နာရီခန့်က အဆိုပါ KTV ၌ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ 

• ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၉) ရပ်ကွက်၊ ကျောင်းလမ်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ကိုယု ဆိုသူမှ ၎င်း၏နေအိမ် ရှေ့တွင် ဖွင့်ထားသည့် အင်းလေးစတိုးဆိုင်ရှေ့တွင် နံနက် ၆ နာရီမထိုးခင်က ပေါက်ကွဲမှုသုံးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကာ အထိအခိုက်မရှိခဲ့ဟု သိရပြီး ပေါက်ကွဲမှုများအပြီး စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ရပ်ကွက်တွင်းရှိ လမ်းအချို့ အား ပိတ်ဆို့၍ ကား၊ ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• အင်းစိန်မြို့နယ် ကမ်းနားရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်ဇေယျတံတားအဆင်းတွင် ရပ်ထားသည့် စစ်အုပ်စုကားအား ဗုံးပစ် ပစ်သွင်းခံရမှု နေ့လယ် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ပွားသည့်အတွက် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း အခင်းဖြစ်ပွားမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားခြောက်စီးဖြင့် အင်းစိန်၊ အောင်ဇေယျအိမ်ရာဝင်း အား ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ 

• ရွှေပြည်သာ ဝန်ထမ်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း "အသံမတိတ် အလံမလိပ် ရွှေပြည်သာသပိတ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့ဖြစ်သည့် ဇူလိုင်လ ၃ ရက်တွင် စစ်အုပ်စုအထောက်အပံနှင့် အဆောက်အဦများဖြစ်သည့် Mytel ရုံး၊ Music Zone, ရွှေမန်းသူ၊ ကမာရွတ်ရဲစခန်းနှင့် ရန်ကုန်မြို့အနှံ့တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး - U.G.R.F က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေးမြို့ ၃၃ လမ်းရှိ ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးနှင့် ပုသိမ်ကြီးမြို့နယ် NLD ပါတီရုံးတို့တွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၁၀ နာရီကျော်အချိန်ခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ 

• မန်း စက်မှုစုပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက ၇၈ လမ်းပေါ်ထိတက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• “အရမ်းညီတဲ့ ချမ်း/စည်" သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ဖြုတ်ချရေးအတွက် လမ်းများပေါ် တက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

• မန်းအင်ဂျင်နီယာမိသားစု သပိတ်စစ်ကြောင်းကလည်း လူအင်အား အများအပြားဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ကာ မတရားဖမ်းဆီး ခံထားရသူများ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကုတ်မြို့ သပိတ်ခေါင်းဆောင် ကိုစိုးဋ္ဌေးအား မမိသဖြင့် ဓားစာခံဖမ်းဆီးခံထားရသူ ဇနီးဖြစ်သူနှင့် သမီးအကြီးဖြစ်သူ မသိမ့်စန္ဒီစိုးမှာ မိုးကုတ်အချုပ်ထောင်၌ ထိန်းသိမ်းထားခံနေရကာ သွေးလေးဖက်နာရောဂါအခံရှိသူ သမီးကြီးမှာ ဆေးကုသခွင့် မရသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။ စစ်အုပ်စုက ဇွန်လ ၁၃ ရက်က ဖမ်းဆီးထားခြင်းဖြစ် ကာ ငါးနှစ်အရွယ် မစုထက်ဝိုင်းပါ ဖမ်းဆီးခံခဲ့ရကာ ဇွန်လ ၃၀ ရက်ကျမှသာ သမီးငယ်အား ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ 

• မြင်းခြံမြို့ အ.ထ.က (၂) ကျောင်းအနီးတွင် ယမန်နေ့ညပိုင်း ၇ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သဖြင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

• မြင်းခြံမြို့ အမှတ် (၁၉) ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး အောင်မိုးသန့်အား ယနေ့နံနက် ၈ နာရီကျော်ခန့်က နေအိမ်တွင် ရှိနေစဉ် အမည်မသိသူအချို့က ထောက်ခံစာလုပ်ချင်သူဟု ဆိုကာ ရောက်လာပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သွားသည့်အတွက် ဒဏ်ရာရရှိခဲ့ကာ ယင်းပစ်ခတ်မှုမှာ မိမိတို့ ပြုလုပ်ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ကြေညာထားသည်။ နေ့လယ် ၁၁ နာရီခန့်တွင်လည်း အမှတ် (၈) ရပ်ကွက်တွင်လည်း အမှတ် (၆) ရပ်ကွက်မှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး မောင်းနှင်လာသည့် ယာဉ်အား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ရာ အနီးရှိ ရဲစခန်းအတွင်းသို့ မောင်းပြေးဝင်ရောက်သွားသည့်အတွက် ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• မြင်းခြံမြို့၊ ဆီမီးခုံမြောက်ဘက် ကျေးရွာအချို့တွင် စစ်အုပ်စုဘက်က ပျူစောထီးအဖွဲ့ဝင်ရန်အတွက် လူငယ်များအား စည်း ရုံးလျက်ရှိကြောင်း သိရသည်။ 

• တောင်သာမြို့နယ်၊ တံတားအနောက်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်နှင့် ရဲတပ်ဖွဲ့လက်နက်ကိုင်များက ကားလေးစီးဖြင့် ရောက်လာကာ CRPH က ဖွဲ့စည်းပေးထားသည့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များဟုဆိုကာ ဒေသခံနေအိမ်များအား ဝင်ရောက်စီးနင်းရှာဖွေကာ အနည်းဆုံး ဒေသခံနှစ်ဦးအား ဖမ်းဆီးသွားသည်။ 

• မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် လုံခြုံရေးယူနေသည့် အရာခံဗိုလ်တစ်ဦးမှာ ယနေ့နံနက်ပိုင်း ၉ နာရီကျော်ခန့်က သေနတ်ဖြင့် မိမိကိုယ်မိမိ ပစ်ကာ သက်သေသွားဟု သိရပြီး မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် (၁၅) လမ်းတွင် ဦးသိန်းစိန်အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနှင့် စစ်မှုထမ်း ဟောင်းတစ်ဦးဖြစ်သူ ဦးကျော်ကျော်အား ယနေ့နံနက်ပိုင်းက ဆိုင်ကယ်စီးလာစဉ် အမည်မသိသူတွေက ဆိုင်ကယ်ဖြင့် နောက်မှလိုက်၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိကာ သေဆုံးသွားပြီ ဖြစ်သည်။ 

• ပြည်မြို့တွင် စစ်အုပ်စုခေါင်းဆောင် မွေးနေ့ နာရေးသပိတ်ဆန္ဒပြလှုပ်ရှားမှု ရုပ်သံဖိုင်တွင် ပါဝင်သည်ဟုဆိုကာ ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်နေ မသန္တာလင်းနှင့် အမျိုးသမီးနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက် ၁၀ နာရီခွဲခန့် တွင် နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးသွားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့တွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က စစ်အုပ်စုဘက်က အချိန်ခြား၍ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ယခင်က ခြောက်လှန့်ပစ်ခတ်မှုများအား သုံး၊ လေးချက်သာ ပစ်ခတ်ပြလေ့ရှိသော်လည်း ယမန်နေ့ညကမူ ယင်းသို့ ပစ်ခတ်မှုများအား လေး၊ ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။ ယင်းပစ်ခတ်မှု များအပြီးတွင် အသက် ၆၉ နှစ်အရွယ် Pa Gin Do Lian ဆိုသည့် အမျိုးသားတစ်ဦးနှင့် ဒေါ်သန်းရီဆိုသူ အမျိုးသမီးကြီးတစ်ဦးမှာ မည်သည့်ရောဂါအခံမှ မရှိဘဲ နှလုံးရပ် သေဆုံးခဲ့သည်ဟု သိရသည်။ 

• ကလေးမြို့ခံ လူငယ်များကလည်း ယနေ့နံနက်ပိုင်းတွင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကနီမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် ဇူလိုင်လ ၁ ရက်က စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၃၀၀ ခန့်ဖြင့် ရောက်ရှိ လာပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာသားအချို့ သေဆုံးခဲ့ကာ ယနေ့နံနက်ပိုင်း တွင် နောက်ထပ် အလောင်းလေးလောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။ 

• ခန္တီးမြို့တွင် ယနေ့ နံနက်ပိုင်း ၆ နာရီခန့်က ကမ်းနားလမ်းရှိ သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသည့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းရေးသားထားသည့် ဗီနိုင်းအား သွားရောက်ဖြုတ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ စစ်အုပ်စုလက်နက်ကိုင် ရဲတပ်ဖွဲ့ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 
• ဘုတလင်မြို့နယ်၊ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာနေ ပြည်သူများကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဒီပဲယင်းမြို့နယ် အနောက်ဘက်ရွာများတွင် ဇူလိုင်လ ၂ ရက်က စစ်အုပ်စုသတင်းပေး ဒလန်များနှင့်အတူ လက်နက်ကိုင်တပ်ဖွဲ့များက အင်အား ၁၅၀ ခန့်ဖြင့် ကျေးရွာများအား ဝင်ရောက်စီးနင်းကာ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များကလည်း ပြန်လည်ခုခံမှု ဖြစ်ပွားပြီးနောက် ပြည်သူဘက်မှ ၁၉ ဦးကျဆုံးထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် နောက်ထပ် ခြောက်ဦးအလောင်းအား ထပ်မံတွေ့ရှိခဲ့ရသည်။ 

• ရွှေဘိုမြို့တွင် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းမည့် တော်လှန်ရေးတပ်သားများ၏ စစ်သင်တန်းအပတ်စဉ် ၁/၂၀၂၁ သင်တန်းဆင်းပွဲပြုလုပ်ပြီဖြစ်ကြောင်းနှင့် သင်တန်းဆင်းပွဲရုပ်သံဖိုင်အား ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ လွှင့်တင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး 

• ကြံ့ခင်းမြို့နယ် ပိန္နဲကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး (ခ) ကိုပိုးဟတ်အား မြို့နယ်ထွေအုပ်က အစည်းအဝေး တက်ရမည်ဟု ခေါ်ဆိုကာ ဇူလိုင်လ ၁ ရက်က ဖမ်းဆီးထားပြီး မိသားစုနှင့်လည်း အဆက်အသွယ် ပြတ်တောက်လျက်ရှိ သည်ဟု သိရသည်။ 

• ပုသိမ်၊ မြောင်းမြနှင့် သာပေါင်းမြို့တို့အား ကိုဗစ်ကူးစက်မှု မြင့်မားလာမှုကြောင့် Stay at Home ကြေညာပြီးနောက် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်နှင့် ပုဂ္ဂလိကကျောင်းအားလုံးအား ဇူလိုင်လ ၅ ရက်မှစ၍ ယာယီပိတ်ထားရတော မည် ဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်၍ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာနေ ပြည်သူများကလည်း နေ့စဉ်မပျက် ကျေးရွာတွင်းလှည့်လည်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံ၊ အောက်ရေဖြူကျေးရွာနှင့် မင်းမော်ကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်း ထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်အုပ်စုလက်အောက် မလုပ်ဘဲ CDM ပြုလုပ်သည့်အတွက် အလုပ်မှ ထုတ်ပယ်ခံထားရသည့် တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ဝန်ထမ်းစာချုပ်သက်တမ်းမပြည့်မီ အလုပ်ထွက်သည်ဟုဆိုကာ ရာထူးအနိမ့်အမြင့်ပေါ်လိုက်၍ လျော်ကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကာ အဆိုပါဌာနတွင် ဝန်ထမ်း ၁၆၀ ကျော် အလုပ်ထုတ်ခံထားရသည်။ 

ကချင်ပြည်နယ်

• ဖားကန့်မြို့ ကျောက်ဝိုင်းတွင် အလုပ်လုပ်နေသူများကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် "မှော်ပေါင်းစုံကျောက်ဝိုင်းသပိတ်" စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့် တာမခန်မြို့သစ်နေ ပြည်သူများကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ လုံးခင်းအုပ်စုနေ ပြည်သူများကလည်း မိုးရွာသွန်းသည့်ကြားကပင် ဆိုင်ကယ် သပိတ်ပြုလုပ်၍ ကျေးရွာတွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်းပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ 

• မိုးကောင်းမြို့နယ် ဒေသခံများကလည်း ယနေ့ နေ့လယ်ပိုင်းတွင် ဆိုင်ကယ်သပိတ်ပြုလုပ်၍ မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• တနိုင်းမြို့အခြေစိုက် ခလရ-၂၆၀ တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သီဟနှင့် စစ်အုပ်စုလက်နက်ကိုင်တပ်က တနိုင်းချောင်းတွင် သွားလာနေသည့် စက်လှေနှင့် သင်္ဘောများအား လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုပြုလုပ်ကာ လုပ်ငန်းနှင့် ပစ္စည်းအမျိုးအစားအလိုက် ကြေးသတ်မှတ်၍ အနိုင်ကျင့်ဆက်ကြေးကောက်လျက်ရှိကြောင်း သိရသည်။ 

ကယားပြည်နယ်

• လွိုင်ကော်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပစ်အခတ် ရပ်စဲထားသော်လည်း ယမန်နေ့ညနေပိုင်းက မြို့တောင်ဘက် ၆ ကီလိုမီတာခန့်တွင် ကရင်နီတပ်မတော်နှင် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ တိုက်ပွဲအနီးတွင်ရှိနေသည့် စစ်ပြေးရှောင်များမှာ နေရာပြောင်း၍ ထပ်မံတိမ်းရှောင်ခဲ့ကြရသည်။ 

• လွိုင်ကော်မြို့နယ်တွင်းရှိ ကုန်းသာ၊ နွားလဝိုးနီနှင့် နိုးကိုးကျေးရွာအုပ်စုများတွင် စစ်အုပ်စုလက်နက်ကိုင်များက နယ်မြေရှင်းလင်းရေးအတွက် လက်နက်အင်အားအပြည့်အစုံဖြင့် လှည့်လည်နေသည့်အတွက် ဒေသခံများအနေဖြင့် မလိုအပ်ဘဲ အသွားအလာမပြုလုပ်ကြရန်နှင့် လုံခြုံစိတ်ချရသည့်နေရာများတွင်သာ နေထိုင်ရန် ယနေ့ညနေ ၃ နာရီခန့်တွင် တိုးတက် သောကရင်နီပြည်သူ့အင်အားစု - PKPF က သတိပေးထားသည်။ 

ချင်းပြည်နယ်

• မင်းတပ်မြို့တွင် မကြာမီရက်ပိုင်းအတွင်း တိုက်ပွဲများပြန်ဖြစ်မည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်လျက်ရှိရာ အဆိုပါ သတင်းအား မယုံကြရန်နှင့် လူမှုကွန်ရက်တွင် သတင်းမှားဖြန့်ဖြူမှုများ မပြုလုပ်ရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ် ဒေသခံများကလည်း "စစ်ကျွန်ဘဝ အရောက်မခံ ပေါင်ရဲ့ အားမာန်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေးမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းတွင် နေ့လယ် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• မော်လမြိုင်နှင့် ချောင်းဆုံမြို့ခံ လူငယ်များကလည်း "စစ်အာဏာရှင် ဖြုတ်ချရေး တို့တတွေ သွေးမအေးကြေး" အမည်ဖြင့် Paper Strike ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ရှမ်းပြည်နယ်

• မူဆယ်မြို့တွင် ယမန်နေ့ညပိုင်း ၈ နာရီကျော်ခန့်က လေယာဉ်ကွင်းအနီး မီးပွိုင့်နှင့် ခရိုင်တရားရုံးအနီးတွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကာ အသွားအလာကန့်သတ်ထားချိန်ဖြစ်၍ ထိခိုက်မှု အခြေအနေကိုမူ မသိနိုင်သည့်အတွက် ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။ 

• ရှမ်းပြည်နယ်တွင်း ပြည်သူများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် Youth Voices Taunggyi၊ TAI PDF၊ Namsamg PDF, Loilem PDF, Pinglong PDF, Laikha PDF တို့ ပူးပေါင်းကာ South Shan Youth Groups PDF အမည်ဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ကွတ်ခိုင်မြို့နယ်၊ မန်လုံနှင့် ကျောင်းပျဉ်ကျေးရွာကြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA လက်အောက်ခံတပ်များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က လက် နက်ကြီးပစ်ကူများပါယူ၍ တိုက်ခိုက်ခဲ့သည်။ 

• တာချီလိတ်မြို့နယ်၊ ပါဆပ်ဘုန်းကြီးကျောင်းအနီးနှင့် မိုင်းယွန်းဆီဆိုင်အနီးတွင် စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲများ က နံနက် ၁၀ နာရီခွဲကစ၍ လမ်းသွားလမ်းလာယာဉ်များနှင့် ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• နောင်ချိုတွင် ကိုဗစ်ကူးစက်သူဦးရေ ၂၇၀ ကျော် ရှိလာပြီးနောက် မြို့အား Stay at Home ကြေညာကာ စာသင်ကျောင်း များအားလုံး ယာယီပိတ်ထားလိုက်ပြီ ဖြစ်သည်။ 

ရခိုင်ပြည်နယ်

• တောင်ကုတ်မြို့တွင် စစ်တပ်က ဇွန်လ ၅ ရက်ကတည်းက ဖမ်းဆီးထားသည့် မိုးပညာဒါန ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းအပါအဝင် ခုနစ်ဦးကို ရဲတပ်ဖွဲ့ဘက်သို့ လွှဲပြောင်းလိုက်ပြီဟု သိရသော်လည်း မိသားစုနှင့် အဆက်အ သွယ်မရသေးကြောင်း သိရသည်။ 

နေပြည်တော်

• အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းမှ ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်မှာ စစ်အုပ်စုလက်အောက် ဆက်လက်တာဝန် မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်ကာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

• နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုမြင့်မားလာသည့်အတွက် စိုးရိမ်ကြောင်းနှင့် ပြည်သူများ ပိုမိုဂရုစိုက်ကြရန် စစ်အုပ်စုမတရား ဖမ်းဆီးထားသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်အထူးတရားရုံးတွင် ယနေ့ပြုလုပ်သည့် ရုံးချိန်း၌ ရှေ့နေများမှတစ်ဆင့် မှာကြားလိုက်သည်။ 

ဇူလိုင် ၄ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် ဆန္ဒပြလှုပ်ရှားမှုများ ရှိကာ စစ်အုပ်စုနှင့် ပတ်သက်သည့် နေရာများတွင်လည်း ပေါက်ကွဲမှုများ ရှိခဲ့သည်။ စစ်အုပ်စုအား လက်နက်ဖြင့် တန်ပြန်ခုခံတိုက်ခိုက်မှုများ ခပ်စိတ်စိတ် ဖြစ်နေကာ စစ်အုပ်စုဘက်ကလည်း အင် အားသုံး ဖမ်းဆီးမှုများအား နေ့ပိုင်းတွင်သာမက ညပိုင်းများတွင်ပါ ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။ 

• မန္တလေးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ အားကောင်းလျက်ရှိသည်။ မန္တလေးတိုင်းတွင်းရှိ မြင်းခြံမြို့တွင် စစ်အုပ်စု ထောက်ခံသူများနှင့် စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားသူများအကြား အပြန်အလှန်လက်နက်ကိုင် တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် ဒလန်ရှင်းလင်းရေးဖြစ်စဉ်များလည်း ခပ်စိတ်စိတ် ဖြစ်လာနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူထုသပိတ်ကြီးများ အားကောင်းနေဆဲ ဖြစ်သည်။ ကယား တွင်မူ စစ်အုပ်စုဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် အပစ်ရပ်ထားသော်လည်း ဒေသခံ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်ရှိနေကာ စစ်အုပ်စုက နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများထဲအထိ အင်အားတိုးချဲ့ လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ 

• စစ်အုပ်စုဘက်တွင် ကိုဗစ်ကူးစက်မှု မြင့်မားမှုကြောင့် အုပ်ချုပ်ရေးလုပ်ငန်းပိုင်းတွင် မနိုင်မနင်းဖြစ်နေကာ Stay at Home ကြေညာ၍ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထိန်းချုပ်နိုင်ရေးနှင့် လက်နက်ကိုင် ခုခံမှုများအား ချေမှုန်းရန်အတွက် အာရုံစိုက်နေဆဲဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသည့်ဒေသများတွင် အင်အားသုံးဖြေရှင်းသည့်နည်းလမ်းအာ ဆက်တိုက်သုံးနေဆဲ ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly