အာဖဂန်စစ်ပွဲက ‘စစ်မက်ရေးရာအရ အနိုင်မရနိုင်’ လို့ ဂျိုးဘိုင်ဒင် ထင်မှတ် 

အာဖဂန်စစ်ပွဲက ‘စစ်မက်ရေးရာအရ အနိုင်မရနိုင်’ လို့ ဂျိုးဘိုင်ဒင် ထင်မှတ် 
Photo - AFP

ဇူလိုင် ၃

အာဖဂန်နစ္စတန်နိုင်ငံက စစ်ပွဲဟာ ‘စစ်မက်ရေးရာအရ အနိုင်မရနိုင်တဲ့အရာ’ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ထင်မှတ်သဘောထားတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက ပြောပါတယ်။ 

အာဖဂန်ကနေ အမေရိကန်စစ်တပ်ဖွဲ့ဝင်တွေ မရုပ်သိမ်းခင် ယန်းဆာကီက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုရာမှာ “တပ်တွေ ရုပ်သိမ်းပြီးနောက်မှာ အမေရိကန်ဟာ အာဖဂန်မှာ သံတမန်ရေးရာ တည်ရှိမှု ဆက်လက် ထားရှိသွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။ 

အမေရိကန်အနေနဲ့ အာဖဂန်နစ္စတန်ကနေ တပ်တွေ နောက်ဆုံးသုတ် ရုပ်သိမ်းမှုကို ဩဂုတ်လမကျော်လွန်ခင် အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။ ပဋိပက္ခ ဒဏ်ချက်တွေ အထိနာနေရာ အာဖဂန်နိုင်ငံရဲ့ အကြီးဆုံး ဘတ်ခ်ဂရမ် လေတပ်စခန်းကနေ အမေရိကန်နဲ့ နေတိုးစစ်သားတွေအားလုံး ထွက်ခွာသွားပြီလို့လည်း ကြေညာချက် ထုတ်ထားတာ ဖြစ်ပါတယ်။ 

စစ်ပွဲ နှစ် ၂၀ အပြီးမှာ အာဖဂန်မြေမှာ အနည်းအကျဉ်းပဲ ကျန်ရှိတော့တဲ့ အမေရိကန်စစ်သားတွေ နောက်ဆုံးအသုတ် တပ်ရုပ်သိမ်းတာကို စက်တင်ဘာ ၁၁ ရက် နောက်ဆုံးသတ်မှတ်ရက်အဖြစ် ဂျိုးဘိုင်ဒင်က သတ်မှတ်ထားခဲ့ပါတယ်။ 

ဒါပေမဲ့ အခု အကြီးဆုံး လေတပ်စခန်းကနေ တပ်တွေ ထွက်ခွာသွားပြီဆိုတဲ့ သတင်းကြောင့် ရက်ပိုင်းအတွင်း တပ်တွေ ရုပ်သိမ်းတာ အပြီးသတ်တော့မယ်လို့ ခန့်မှန်းလာတာတွေ ရှိပေမယ့် ယန်းဆာကီကတော့ ဩဂုတ်လ မကျော်လွန်ဘဲ တပ်တွေ ရုပ်သိမ်းဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ 

“သမ္မတဟာ ရေရှည် စိတ်ထဲ စွဲထင်နေတာ ဖြစ်တယ်၊ ဒါကတော့ အာဖဂန်စစ်ဟာ စစ်မက်ရေးရာအရ အနိုင်မရနိုင်တဲ့ အရာပဲလို့ ထင်မှတ်ထားတာ ဖြစ်တယ်”လို့ ယန်းဆာကီက သတင်းထောက်တွေကို ပြောပြီး အမေရိကန်အနေနဲ့တော့ အာဖဂန်နစ္စတန်ကို လုံခြုံရေးစနစ်တွေနဲ့ လူသားချင်းစာနာထောက်ထားရေးတွေ လများစွာ ထောက်ပံ့ပံ့ပိုးပေးသွားမယ်လို့ ထပ်လောင်းဆိုပါတယ်။ 

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးနောက် ၂၀၀၁ ခုနှစ်က စတင်ပြီး တာလီဘန်နဲ့ အယ်လ်ခိုင်ဒါမဟာမိတ်တွေကို ရေရှည်တိုက်ပွဲဆင်နေခဲ့ရတဲ့ အာဖဂန်မှာ ဘတ်ဂ်ဂရမ် လေတပ်စခန်းဟာ အမေရိကန်ဦးဆောင်တဲ့ စစ်ဆင်ရေးတွေအတွက် အဓိက တည်နေရာပဲ ဖြစ်ပါတယ်။ 

“ဒီ လေတပ်စခန်းကနေ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်တွေ အပြီးသတ် တပ်ရုပ်သိမ်းသွားပြီ၊ ခုကစလို့ ဒီ လေတပ်စခန်းကို အာဖဂန်တပ်တွေရဲ့ လက်အောက်မှာ ရှိနေပြီး အကြမ်းဖက်ဝါဒီတွေကို တိုက်ထုတ်ဖို့ အသုံးပြုတော့မှာ ဖြစ်တယ်”လို့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဖာဝက်ဒ်အမ်မန်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required