ကလေးမြို့ ကိုဗစ်ထိန်းချုပ်ရေး အောက်ဆီဂျင် အရေးပေါ်လိုအပ်နေ

ကလေးမြို့ ကိုဗစ်ထိန်းချုပ်ရေး အောက်ဆီဂျင် အရေးပေါ်လိုအပ်နေ

ဇူလိုင် ၂

ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဆိုးဆုံးရင်ဆိုင်နေရသည့် ကလေးမြို့တွင် လူနာဦးရေ ဆက်လက်မြင့်တက်နေပြီး အောက်ဆီဂျင်လိုအပ်ချက်သည် အရေးကြီးဆုံး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

" ကိုဗစ်ကြောင့် လူတွေနေ့စဥ် သေဆုံးနေတယ်။ အောက်ဆီဂျင်က လုံးဝမလောက်ဘူး ဖြစ်နေတယ် " ကိုဗစ်လူနာများကိုကုသရေးတွင် ကူညီပေးနေသူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မေလ လယ်ကစ၍ ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ခဲ့ရပြီး ယခုအခါ နေ့စဥ် လူဆယ်ဦးထက်မနည်းသေဆုံးနေသည်။ လက်ရှိရင်ဆိုင်နေရသော  အခက်အခဲကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံ လိုအပ်နေသော်လည်း အခြေခံအကျဆုံးဖြစ်သည့် အောက်ဆီဂျင်ရရှိရေးအတွက် ဝိုင်းဝန်းကူညီကြရန်က မြို့ခံအချိို့က မေတ္တာရပ်ခံသည်။

" လှူပေးနိုင်ရင် သက်သာမယ်။  အောက်ဆီဂျင်က အသဲအသန် လိုနေတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့အတွက် လိုအပ်နေသော အောက်ဆီဂျင်ကို မုံရွာနှင့် မန္တလေးမြို့မှ ဝယ်ယူနေရပြီး လုံလောက်မှုမရှိဟု မြို့ခံများက ပြောသည်။ တစ်အိုးလျှင်  ကျပ်နှစ်သိန်းခန့်တန်ကြေးရှိသော   အောက်ဆီဂျင်အိုးအကြီး အလုံးရေ သုံးရာခန့် နေ့စဥ်ဝယ်ယူနေရပြီး လူနာနှင့် အောက်ဆီဂျင်အိုး လုံလောက်မှုမရှိဟုဆိုသည်။

ကိုဗစ်ရောဂါခံစားနေရသူများကို ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ကိုဗစ်ကုသရေး စင်တာတွင် အများဆုံးထားရှိပြီး ယခုအခါ ကိုယ်ထူကိုယ်ထ ယာယီစင်တာများ ရပ်ကွက်အလိုက် ဖွင့်လှစ်ထားရသည်။

ဒေသခံအရပ်ဖက်အရေးလှုပ်ရှားသူအချို့ ပြုစုထားသာ စာရင်းအရ ကလေးမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၄၀၀ ခန့်ရှိနေသည်။

ကလေးမြို့နှင့် နယ်စပ်ဖြစ်သော ချင်းပြည်နယ် မြို့နယ်အချို့တွင်လည်း ကိုဗစ်ရောဂါ လူနာတွေ့ရှိမှု မြင့်တက်နေသည်ဟု လူမှုကူညီရေးလုပ်ဆောင်နေသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly