နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၁ ရက် ၊ ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်းထောင် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP )

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့နံနက်ပိုင်းက အသံကျယ်လောင်စွာ မြည်ဟိန်း၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသမီးငယ်တစ်ဦး မျက်နှာ၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

• ပုဇွန်တောင်မြို့နယ်၊ ရေကျော် လိပ်ကန်လမ်းရှိ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက လမ်းအား ပိတ်ဆို့ကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ 

• ကမာရွတ်မြို့နယ်၊ (၆) ရပ်ကွက်ရှိ Highway Complex အိမ်ရာတွင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကားအကြီး တစ်စီး၊ Double Cab အမျိုးအစား ရဲနှင့် စစ်ကားတစ်စီးစီ၊ လက်နက်ကိုင် ရဲနှင့် စစ်သား ၄၀ ဦးကျော်ခန့်က အရပ်ဝတ် ဝတ်ဆင်ထားသူများ ဦးဆောင်ကာ အိမ်ရာဝင်းအတွင်း နှင်းဆီးလမ်းရှိ Lynn Marine ဆိုင်အား ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်ဟု သိရပြီး နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲ ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်း အိုးဘိုထောင်တွင် စစ်အာဏရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသူများအနက် ၁၇၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• မန်းအခြေစိုက်လူထုသပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ်စစ်ကြောင်းတို့မှာ ယမန်နေ့ညနေပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ရာ မန်းလူထုသပိတ်စစ်ကြောင်းမှာ ၃၂ နှင့် ၈၃ လမ်းတွင် လည်းကောင်း မြတောင်သပိတ်စစ်ကြောင်းမှာ ၆၂လမ်းတွင်လည်းကောင်း စစ်အုပ်စုလက်နက်ကိုင်များက ဖြိုခွင်းခဲ့ရာ မြတောင်စစ်ကြောင်းမှ ပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက "ကြောက်ခေတ်ကို မှောက်ပစ်မယ့် သပိတ်စစ်ကြောင်း" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း အောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးရုံးများအနား အထိ လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• “အရမ်းညီတဲ့ ချမ်းမြသာစည် သပိတ်စစ်ကြောင်း" ကလည်း နေ့လယ်ပိုင်းက မြို့တွင်းလမ်းများပေါ်တက်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃာတော်များ၏ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ဖမ်းဆီးထားသူများ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း "မယိုင်လဲတဲ့ တပ်ပေါင်းစု - ခိုင်မြဲတဲ့ တပ်ပေါင်းစု" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် မန္တလာတက္ကသိုလ် ကျောင်းသား/သူများ၊ ပညာရေးမိသားစုနှင့် မြို့ခံပြည်သူများ ပါဝင်သည်။ 

• မန္တလေး နန်းရှေ့ရပ်တွင် ရပ်ကွက်လုံခြုံရေး ကင်းစောင့်စဉ် စစ်အုပ်စုက ဖမ်းဆီးသွားသူအချို့ ပြန်လည်လွတ်မြောက်လာ ကာ ဖမ်းစီးခံရစဉ်အစောပိုင်းက ထောင်တွင်း၌ ရိုက်နှက်ခံရမှုများ ရှိခဲ့ကာ ထောင်တွင်းကျွေးသည့် အစားအသောက်များမှာ မကောင်းမွန်သည့်အတွက် ပြန်အန်ထွက်မှုများအထိပင် ရှိခဲ့သည်ဟု လွတ်မြောက်လာသူများထံက သိရသည်။ 

• မိုးကုတ်မြို့နေ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဦးစိုးဋ္ဌေးအား ဖမ်းဝရမ်းထုတ်း ဖမ်းဆီးသော်လည်း မမိသ ဖြင့် ဓားစာခံဖမ်းဆီးခံထားရသူ အသက်လေးနှစ်အရွယ် မစုထက်ဝိုင်းအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်သော်လည်း ဇနီးဖြစ်သူနှင့် အစ်မဖြစ်သူကိုမူ ဆက်လက်ချုပ်နှောင်ထားသည်။ 

• မြင်းခြံမြို့ အမှတ် (၁၈) နှင့် (၄) ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက နေအိမ်များအား ဝင်ရောက်စီးနင်းကာ အနည်းဆုံး ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားကော်မတီက ထုတ်ပြန်ထားသည်။ 

• မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ပြောင်ပြာတံတားပေါ်တွင် ယနေ့နံနက် ၅ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လမ်းသွား လမ်းလာ ပြည်သူတစ်ဦး သေဆုံးခဲ့သည်။

• မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်၊ ကွက်သစ်ရှိ ပျူစောထီးအဖွဲ့ဝင် ဒေါ်သီတာယုမွန်အိမ်သို့ လက်နက်ကိုင်လူအချို့က ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ရာ နေအိမ်တွင်း ကင်းပုန်းယူထားသည့် ပျူစောထီးအဖွဲ့ဝင်များက ပြန်လည်ခုခံမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကြပ်ထားသည်။ ပြီးခဲ့သည့်အပတ်အတွင်းကလည်း အဆိုပါနေအိမ်သို့ လက်လုပ်ဗုံးပစ်သွင်းမှု ဖြစ်ပွားခဲ့သေးသည်။ 

• မြင်းခြံမြို့၊ အမှတ် (၁)၊ မကျီးပင်စုရပ်ကွက်နေ ဝက်သားရောင်းသူ ကိုစိန်းဦး (ခ) ကိုထောလန်အား တလုပ်ရွာဘက်သို့ ဝက်သားသွားရောင်းပြီးအပြန် အနိမ့်ရွာအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်ဖမ်းဆီးသွားသည်။

• တောင်သာမြို့နယ် ထွေအုပ်ရုံးစာရေး ဦးလူမော်မှာ ဇွန်လ ၂၉ ရက်က တောင်သာမြို့၊ ဇီးပင်ကန်ရွာတွင် ပြုလုပ်သည့် မင်္ဂလာဆောင်အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် မြို့နယ် NLD သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးမောင်စိန်အား ၎င်းမိဘများနေထိုင်ရာ အမှတ် (၆) ရပ်ကွက်တွင် စစ်အုပ်စုက ဖမ်းဆီးထားကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုမူ မသိရသေးပေ။ 

ပဲခူးတိုင်းဒေသကြီး

• နတ်တလင်းမြို့၊ သုခကာရီ ပရဟိတအသင်းသားနျှင့် မြို့နယ် ကြက်ခြေနီအဖွဲ့ဝင် ကိုထိုက် (ခ) ကိုကျော်လင်းထိုက်အား စစ်အုပ်စုလက်နက်ကိုင်များက ဇွန်လ ၂၉ ရက် ညပိုင်းက ပြည်မြို့သို့ လူနာပို့ပြီးအပြန်တွင် ဖမ်းဆီးထားကာ နတ်တလင်းရဲစခန်း၌ ထိန်းသိမ်းထားသည်။ 

• မင်းလှမြို့နည်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၄၈ ဦးအား စစ်အုပ်စုက အလုပ်မှ ထုတ်ပယ်ကာ ၂၄ ဦးအား အလုပ်မှ ယာယီရပ်နားထားသည်။ 

• တောင်ငူအကျဉ်းထောင်တွင် ယမန်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း ဖမ်းဆီးခံထားရသူများအနက် အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၁ ဦး လွတ်မြောက်လာခဲ့သည်။ 

• ပြည်ခရိုင် ပြည်နှင့် ပေါင်းတည်ထောင်တို့မှ အမျိုးသမီး ငါးဦးအပါအဝင် ၂၂ ဦး လွတ်မြောက်လာပြီ ဖြစ်သည်။ 

• ပြည်မြို့တွင် CDM ပြုလုပ်နေသည့် ဒေါက်တာဝတ်ရည်အောင်အား စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက် ၇ နာရီခန့်တွင် ပြည်နှင့် ပေါက်ခေါင်းမြို့ကြားတွင် ညီမဖြစ်သူနှင့် ဆိုင်ကယ်စီးလာစဉ် ရဲနှင့် စစ်ကားများဖြင့် လမ်းတွင် တားဆီးကာ ဖမ်းဆီးသွားသည်။ 

• တောင်ငူမြို့တွင် ကိုဗစ်ကူးစက်မှုများ ထိန်းချုပ်ရန်အတွက်ဆိုကာ မြို့ပေါ်စျေးများအား စျေးများအလိုက် နေ့တစ်ပိုင်းခန့်သာ အချိန်အကန့်အသတ်ဖြင့် ဖွင့်ရမည်ဖြစ်ကြောင်း စစ်အုပ်စုက ညွှန်ကြားထားသည်။ စည်ပင်ပိုင်စျေးနှင့် ပျံကျစျေးပေါင်း ၁၇ ခုအနက် ၁၆ ခုအား နံနက်ပိုင်းတွင် ဖွင့်ခွင့်ပေးထားပြီး ရွှေအင်းတိန်ဘုဥရားစျေးတစ်ခုတည်းကိုသာ နေ့လယ်ပိုင်းတွင် အချိန်အကန့်အသတ်ဖြင့် ဖွင့်ခွင့်ပေးထားသည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ကျိုက်လတ်မြို့တွင် ယမန်နေ့က ပေါက်ကွဲမှုလေးကြိမ် ဆက်တိုက်ဖြစ်ပွားပြီးနောက် ညပိုင်းတွင် မြို့ခံလူငယ် ၂၀ ဦးကျော် အား နေအိမ်များအား စီးနင်း၍ ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• ကန်ကြီးထောင့်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ရုံးအား ယမန်နေ့က စစ်အုပ်လက်နက်ကိုင်များက သော့ ခတ်ထားသည့် တံခါးများအား ဖျက်ဆီးဝင်ရောက်ကာ ရုံးအတွင်းရှိ စာရွက်စာတမ်းများအား မွှေနှောက်ရှာဖွေမှုများ ပြုလုပ် သွားကြောင်း သိရသည်။ 

• မအူပင်ထောင်တွင် ဧရာတိုင်းမ်သတင်းဌာနမှ သတင်းထောက် ကိုအောင်မြသန်း၊ မအူပင်ဟစ်တိုင်မှ ကိုမင်းဇော်ဦးအပါအဝင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားသူ ၂၉ ဦး ပြန်လည်လွတ်မြောက်လာသည်။ 

• ဖျာပုံအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားသူရများအနက် အမျိုးသာ ၃၁ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• ကြံ့ခင်းမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ထောင်ဒဏ် တစ်နှစ်စီ မတရားထောင်ဒဏ် ချမှတ်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုနှစ်ဦးက NLD အစိုးရလက်ထက် အစိုးရဝန်ထမ်းများအား ပေးထားသည့် ကိုဗစ်ချေးငွေ နှစ်လစာအား ပြန်လည်ပေးဆပ်ရန် မိခင်ဖြစ်သူအား ဖိအားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသန့်ဇင်မှာလည်း စစ်အုပ်စုက ဝရမ်းထုတ်ထားသည့်အတွက် တိမ်းရှောင်နေရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ရွှေဘိုအကျဉ်းထောင်တွင် ယမန်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် ပုဒ်မ ၅၀၅ (က) တပ်ကာ တရားစွဲခံထားရသူများအနက် ၁၈ ဦးသာ လွတ်မြောက်ခဲ့သည်။ 

• ကလေးမြို့နယ်နေ ပြည်သူများကလည်း ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် လူအင်အားအများအပြားဖြင့် ဆန္ဒပြနေရာမှ လူဦးရေ အနည်းငယ်ဖြင့် မြို့လယ်လမ်းမကြီးပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျေးရွာများအတွင်း လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကနီမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ဧပြီလ ၁၁ ရက်မှ ဇွန်လ ၂၀ ရက်အထိ မြို့နယ်တွင်း ရပ်ကွက် (၃) ခု၊ ကျေးရွာ (၅၁) အား ဝင်ရောက်စီးနင်းကာ တန်ဖိုးရှိပစ္စည်းများ၊ စားနပ်ရိက္ခာများ ယူဆောင်ကာ ကားနှင့် ဆိုင်ကယ်များကို လည်း ဖျက်စီးခဲ့ကာ ပြည်သူလေးဦး သေဆုံး၍ ၄၂ ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်ခံရကာ ၃၉ ဦးအား ထိန်းသိမ်းထား ကြောင်း၊ စစ်အုပ်စုအား ရရာလက်နက်စွဲပြန်လည်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း အကြိမ် ၃၀ ထက်မနည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၂၇ ဦး အာဇာနည်ပီသစွာ ကျဆုံးခဲ့ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းနှင့် ပြည်သူများကလည်း မြို့တွင်းလူစည်ကားရာ လမ်းဆုံများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းရေးသားထားသည့် စာရွက်များ ကြဲဖြန့်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• တမူးမြို့ လုံခြုံရေးအဖွဲ့ - TSG အနေဖြင့် ယခင်က မြို့ရွာလုံခြုံရေးအတွက် လက်နက်ကိုင်ကာ စစ်အုပ်စုအား တော်လှန်ခဲ့ရာမှာ ယခုအခါ NUG အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နှင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်သဖြင့် ယခင် အသုံးပြုခဲ့သည့်အဖွဲ့လိုဂိုအား ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ကြေညာထားသည်။ 

• တက်ရောက်သူကျောင်းသား မရှိသလောက် ဖြစ်နေသည့် ဟားခါးတက္ကသိုလ် ဒုမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းအား ကလေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် စစ်အုပ်စုက ရာထူးတိုးမြှင့် ခန့်အပ်ထားသည်။ 

မကွေးတိုင်းဒေသကြီး

• မကွေးအကျဉ်းထောင်တွင် ယမန်နေ့က အမျိုးသမီး သုံးဦးအပါအဝင် ၂၆ ဦးအား လွတ်မြောက်လာပြီ ဖြစ်သည်။ 

• မြိုင်မြို့နယ် အနောက်ပိုင်းဇုန်နေ ပြည်သူများကလည်း ယနေ့နံနက်အစောပိုင်းက အာရုဏ်ဦးသပိတ်ပြုလုပ်၍ မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆောမြို့နယ် ကချောင်းကျေးရွာတွင် စစ်အုပ်စုဘက်က ပြန်လည်တပ်စွဲထားမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

• နတ်မောက်မြို့နယ် တောင်သူများကလည်း စိုက်ခင်းများအတွင်း အလုပ်လုပ်ရင်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်အကျဉ်းထောင်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် တရားရင်ဆိုင်နေရသူများအနက် ၂၂ ဦး ပြန်လည်လွတ် မြောက်လာပြီ ဖြစ်သည်။ 

• ထားဝယ်မြို့တွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က လက်နက်ကြီးနှင့် အမြောက်များ တင်ဆောင်ထားသည့် တွဲကားလေးစီးပါ စစ်ယာဉ်တန်း ဝင်ရောက်လာကြောင်း သိရသည်။ တနင်္သာရီတိုင်းသည် NUG အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာန အခြေစိုက်ရာ ဒေသလည်း ဖြစ်သည်။ 

• ထားဝယ်တွင် CDM ပြုလုပ်မှုဖြင့် အလုပ်ထုတ်ပယ်ခံထားရသည့် ထွေအုပ်ဝန်ထမ်း ကိုးဦးအား ဇူလိုင်လ ၇ ရက် နောက်ဆုံး ထား၍ ကိုဗစ်ချေးငွ ပြန်ဆပ်ရန်နှင့် မဆပ်ပါက တရားစွဲဆိုမည်ဟု စစ်အုပ်စုဘက်က အကြောင်းကြားစာပေးပို့၍ ဖိအားပေး လျက်ရှိသည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

• ထားဝယ် အရှေ့တောဒေသခံများကလည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအ တွက် ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် မောင်းမကန်၊ ညင်းမော်၊ ကဒက်ငယ်ဆိပ်နှင့် အောက်ကျောက်ဝပ်ကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းများ ကိုယ်စီထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ် တွင်းရှိ မိန်းမချော၊ ပြင်ချောင်း၊ နတ်စင်ရှောင်နှင့် ကြက်ယက်တွင်းရွာတို့ စုပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ်၊ ဂေါ့အင်းကျေးရွာတွင်လည်း ယနေ့ညနေပိုင်းက "တောင်တန်းပြည်မ ညီညွတ်သည်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ် ကိုင်ဆောင်ကာ စစ်အာဏရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ပြောက်ကျား သပိတ် ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရ သူများအနက် အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၅၀ ဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ ယမန်နေ့က တရားစွဲဆိုထားသူများအား လွတ်ပေးရာတွင် မေလ ၁၁ ရက်က အောင်မြင်သာအပန်းဖြေစခန်းသို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရသည့် အသက် ၃၀ အရွယ် မဘောက်ဂျာမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ သူမ လွတ်မြောက်မည်ဟု ထင်ကာ အကျဉ်းထောင်တွင် သွားရောက်စောင့်ဆိုင်းခဲ့သူ ဖခင်ဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးဇော်ဖန်မှာ သမီးဖြစ်သူ မလွတ် မြောက်သဖြင့် အိမ်ပြန်အရောက်တွင် နှလုံးအောင့်ကာ သေဆုံးသွားခဲ့သည်။ 

• မြစ်ကြီးနားတွင် စစ်တပ်အာဏာသိမ်းမှု ငါးလပြည့်အဖြစ် "သမိုင်းကို လှည့်ကြည့်တိုင်း နောင်တမရကြေး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ မြစ်ကြီးနားအခြေစိုက် ကျောင်းသားသမဂ္ဂလူငယ်များက ချီတက်ဆန္ဒပြခဲ့ကြ သည်။ 

• ဖားကန်၊ တာမခန်မြို့သစ် သပိတ်စစ်ကြောင်းမှာ ယမန်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်စဉ် စစ်အုပ်စုဘက်က အိမ်စီးကားများဖြင့် ရောက်လာကာ ပစ်ခတ်ဖြိုခွဲခဲ့သဖြင့် ဆန္ဒပြပြည်သူ အမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံထားရသူ လေးဦးအား ယနေ့နံနက်ပိုင်း ၇ နာရီခန့်တွင် ခံဝန်ထိုးခိုင်းကာ ပြန်လည်လွှတ်ပေး လိုက်ပြီ ဖြစ်သည်။ 

• ဖားကန့်မြို့နယ်နှင့် လုံးခင်းကျေးရွာအုပ်စုကြား ခွပ်စိုင်ယန်ကျေးရွာအနီးတွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲအုပ်ဟိန်းဇော်၊ ရဲတပ်သား ကိုကိုနှင့် နေလင်းထွန်းတို့ သုံးဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးကာ KIA တပ်ရင်း ၄၄ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။ 

• ဖားကန့်မြို့၊ ဆိုင်းတောင်အုပ်စု ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းကလည်း လုံခြုံရေးတင်းကြပ်မှုများရှိသည့် ကြားကပင် ကျေးရွာတွင်းလှည်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဗန်းမော်တွင် စစ်အုပ်စုက အကြမ်းဖက်မှုများ ကျူးလွန်လာနိုင်သည့်အတွက် လုံခြုံသည့်နေရာ၊ ဆေးဝါးနှင့် ရိက္ခာများအား ကြိုတင်ပြင်ဆင်ထားရန်နှင့် ကျေးရွာ/ရပ်ကွက်အလိုက် ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရန် ဗန်းမော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးတိုက်တွန်းထားသည်။ 

• မိုးကောင်းနေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်တပ်အာ ဏာသိမ်းထားမှု ငါးလပြည့်အဖြစ် ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• ဝိုင်းမော်မြို့ အ.ထ.က (၂) ကျောင်းတွင် စစ်အုပ်စုလက်အောက်ခံ တပ်မိသားစုဝင် ကျောင်းသားနှစ်ဦး၌ ကိုဗစ်တွေ့ရှိခဲ့သော် လည်း ကျောင်းအား ဆက်ဖွင့်ထားကာ အဆိုပါကျောင်းသားများအပါအဝင် မိသားစုဝင်အားလုံးတွင်လည်း ကိုဗစ်ကူးစက်မှု တွေ့ရှိခဲ့သဖြင့် နေအိမ်အား Lockdown ချထားသည်။ 

ကရင်ပြည်နယ်

• မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ယနေ့နံနက်ပိိုင်း ၁ နာရီခန့်က လုံခြုံရေးယူထားသည့် နယ်ခြားစောင့်တပ် - BGF အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး သင်္ကန်းညီနောင် ဆေးရုံး၌ ကုသမှု ပေးထားသည်။ 

ကယားပြည်နယ်

• လွိုင်ကော်အကျဉ်းထောင်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသား ကိုးဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• ဖားဆောင်းတွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ ပြည်သူနှင့် တစ်သားတည်းရပ်တည်ကာ CDM ပြုလုပ်နေသည့် ပညာရးဝန်ထမ်း ၁၅၂ ဦးအား ရာထူးမှ ရပ်နားလိုက်သည်။ 

• ကယားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် KNPP, KNLA, KNDF, KPDF များနှင့် စစ်အုပ်စုလက်နက်ကိုင် များအကြား မေလ ၂၀ ရက်မှ ဇွန်လ ၉ ရက်အထိတိုက်ပွဲပေါင်း ၂၇ ကြိမ် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးကာ PDF များဘက်မှ ၁၃ ဦးနှင့် ပြည်သူ ၆၃ ဦး ကျဆုံးခဲ့ပြီး အဖမ်းခံရသူ ၁၃၂ ဦး ရှိကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု - PKPF ထုတ်ပြန်ထားသည်။ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ အိုးအိမ် ၅၀ ကျော်နှင့် ဘုရား ကျောင်း ငါးကျောင်း ပျက်စီးခဲ့ကာ တိုက်ပွဲရှောင်ပြည်သူ တစ်သိန်းဝန်းကျင်အထိ ရှိလာခဲ့သည်။

ချင်းပြည်နယ်

• ဖလမ်းမြို့ရဲစခန်းတွင် ယမန်နေ့ညပိုင်းက ရဲတပ်ဖွဲ့အချင်းချင်း စကားများရန်ဖြစ်ရာမှ ဒုတပ်ကြပ် Lal Cawi Sang အား တပ်ကြပ်ကြီးဘူဟာက ဓားဖြင့် တိုက်ခိုက်သဖြင့် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ဖလမ်းမြို့နယ် ဆေးရုံတွင် ကုသပေးနေရသည်။ 

• ကန်ပက်လက်မြို့နယ် အ.ထ.က ကျောင်းရှေ့လမ်းဆုံတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဖြတ်သန်း သွားလာသူများအား လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး (၆) မိုင်ဘက်သို့လည်း အင်အား ၅၀ ခန့်ဖြင့် ဆင်းသွားသည့်အတွက် လမ်းလုံခြုံရေးအခြေအနေအား စုံစမ်းမေးမြန်းပြီးမှသာ သွားလာကြရန် ကန်ပက်လက်မြို့အုပ်ချုပ် ရေးအဖွဲ့က ကြေညာထားသည်။ 

• စစ်ကိုင်းတိုင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ်မှ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခံထားသည့် ဦးကျုံးလျန်ထန်မှာ ယနေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ကူးစက်ခံရကာ သေဆုံးသွားပြီ ဖြစ်သည်။ 

မွန်ပြည်နယ်

• မော်လမြိုင်နေ ပြည်သူများကလည်း "CDM ဝန်ထမ်းတွေ အားတင်းထားကြ"၊ "CDM ဝန်ထမ်းတွေအတွက် ဆက်လက်ပံ့ပိုးကြမည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စုအား ဆန့်ကျင်နေသည့် ဝန်ထမ်းများအား ဂုဏ် ပြုကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်နေ တောင်သူများကလည်း စိုက်ခင်းများအတွင်း အလုပ်လုပ်ရင်း "ကောက်စိုက်တော်လှန် ကျွန်မခံ" ဟုဆိုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ရှမ်းပြည်နယ်

• မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက် ဆင်ဖြူဂိတ်အနီးရှိ လောင်းကစားရုံတစ်ခုတွင် ယမန်နေ့ညနေ ၆ နာရီခွဲကျော်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

• မူဆယ်မြို့အကျဉ်းထောင်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် တရားစွဲဆိုခံထားရသူများအနက် မူဆယ်မြို့ခံ အမျိုးသမီး လေးဦးနှင့် အမျိုးသား ၁၆ ဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ စစ်အုပ်စုဘက်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားသူအချို့အား ပြန်လွှတ်ပေးသော်လည်း မူဆယ်မြို့ခံတစ်ဦးဖြစ်သူ မိုင်းလုမ်သိန်းဦးကိုမူ မလွတ်ပေးသည့်အပြင် မတရားအသင်းဆက်သွယ်မှု ၁၇/၁၊ ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် ထပ်မံပုဒ်မတပ် တရားစွဲဆိုထားသည်။ 

• လားရှိုးမြို့တွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း လုယက်၊ ဓားပြတိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာ ယမန်နေ့ နေ့လယ်ပိုင်းကလည်း ဒေသအခေါ် ရေကန်တောင်တွင် အမျိုးသမီး သုံးဦးအား မျက်နှာဖုံးစွတ်ထားသည့် လူငယ် ၁၀ ဦးခန့်က ဓားဖြင့် ခြိမ်းခြောက်၍ ငွေများ လုယက်သွားသည်။ 

• စစ်အုပ်စုလက်အောက်ခံ လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်ဝန်ထမ်း လေးဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သော်လည်း ဘဏ်ကို မပိတ်ဘဲ ပိုးသတ်ဆေးများသာ ဖြန်း၍ ဆက်လက်ဖွင့်လှစ်ထားကြောင်း သိရသည်။

• ရှမ်းပြည်မြို့နယ်အသီးသီးတွင် စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူများအနက် မူဆယ်တွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး လေးဦးနှင့် ၁၅ နှစ်အရွယ် အသက်မပြည့်သေးသူ လူငယ်တစ်ဦး၊ လားရှိုးတွင် အမျိုးသမီး လေးဦးနှင့် အမျိုးသား ငါးဦး လွတ်မြောက်လာသည်။ မိုးမိတ်တွင် အမျိုးသားလေးဦး၊ သီပေါ်တွင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ကျောက်မဲတွင် အမျိုးသားနှစ်ဦးတို့လည်း လွတ်မြောက်လာသည်။ 

ရခိုင်ပြည်နယ်

• တောင်ကုတ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ALD တွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနှင့် ကိုဇာနည်ထူးထူးတို့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်းအား ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က တပ်စွဲထားရာနေရာမှ အပြီးပြောင်းရွှေ့ရန် ညွှန်ကြားထားပြီးနောက် မိုင်းယော်ဒေသအဝင် ယခင်ရဲစခန်းဟောင်းနေရာတွင် စစ်အုပ်စု လက်အောက်ခံ တပ်မ ၉၉ မှ အင်အား ၁၀၀ ကျော်ဖြင့် အင်အားဖြည့်တပ်စွဲထားကြောင်း သိရသည်။ 

နေပြည်တော်

• နေပြည်တော်အချုပ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပြည်သူ ၂၆ ဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုများအား ပစ်ခတ်နှိမ်နင်းကာ ဖမ်းဆီးခံရသူများကိုလည်း စစ်ကြောရေးစခန်းများတွင် အသက်သေသည်အထိ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသူပြည်သူ ၈၈၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။ 

• အမျိုးသားညီညွတ်ရေး - NUG အစိုးရအား တရားဝင်အသိအမှတ်ပြုရေးအတွက် ပြင်သစ်အထက်လွှတ်တော်အမတ် ၁၅၀ ကျော်က ယနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

• NUG အစိုးရ၏ ပညာရေးဝန်ကြီးဌာနက ယခုလအတွင်း အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား/သူများအတွက် လူ့အခွင့်အ ရေး၊ တရားဝင်အစိုးဖြစ်ရေးသဘောတရားနှင့် နိုင်ငံတကာဥပဒေ ဘာသာရပ်များအား ကာလတိုသင်တန်းများ ဖွင့်လှစ်သွား မည်ဟု ကြေညာထားသည်။ 

• NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ - PPST အစည်းအဝေးအား ယနေ့တွင် ပြုလုပ်ခဲ့ရာ အဖွဲ့ယာယီဥက္ကဋ္ဌနှင့် RCSS/SSA အဖွဲ့ခေါင်းဆာင် ဗိုလ်ချုပ်ယွပက်စစ်က စစ်အုပ်စုအာဏာသိမ်းထားသည့် ငါးလအတွင်း နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်မှုကင်းမဲ့နေကြောင်း ထည့်သွင်းပြောဆို သွားသည်။ 

ဇူလိုင် ၁ သုံးသပ်ချက်

• ရန်ကုန်တွင် ဆန္ဒပြသပိတ်များ ငြိမ်သက်နေသော်လည်း စစ်အုပ်စုလက်အောက်ခံ အဖွဲ့အစည်းများ၏ အဆောက်အဦများ တွင် ပေါက်ကွဲမှုများ ရှိနေခဲ့ကာ ဒဏ်ရာရပြည်သူများလည်း ရှိခဲ့သည်။ စစ်အုပ်စုဘက်က မြို့အနှံ့ လှည့်ကင်းပုံစံဖြင့် ကင်းလှည့်မှုများ ဆက်လုပ်နေပြီး သတင်းပေးအကူအညီများဖြင့် ဝင်ရောက်စီးနင်းရှာဖွေမှုအချို့ ပြုလုပ်ခဲ့သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုဆန္ဒပြမှုများ ဆက်ရှိနေဆဲဖြစ်သည်။ စစ်အုပ်စုဘက်က လုံခြုံရေးအင်အားအား ပုံမှန် အတိုင်းထားရှိကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကာ အရပ်ဝတ်၊ အိမ်စီးကားများဖြင့် သပိတ်များ ဖြိုခွဲရန် ပြင် ဆင်ထားလျက်ရှိသည်။ မန္တလေးခရိုင်တွင်းရှိ မြင်းခြံမြို့တွင် စစ်အုပ်စုဘက်က ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်းများအား ဆက်တိုက်ပြုလုပ်နေကာ ပစ်ခတ်ဖမ်းဆီးမှုအချို့လည်း ရှိခဲ့သည်။ 

• ကိုဗစ်ကူးစက်မှု အများအပြား ရှိနေသည့် ချင်းပြည်နယ်တွင် လမ်းပေါ်တက်ဆန္ဒထုတ်ဖော်မှုများ မရှိတော့သော်လည်း စစ် အုပ်စုဘက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိရာဘက်သို့ စစ်ကြောင်းထိုးမှုများ ရှိနေဆဲ ဖြစ်သည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ ဆက်ရှိနေဆဲ ဖြစ်ကာ အထူးသဖြင့် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် တွင်းတွင် ကျေးရွာတိုင်းလိုလို၌ ဆန္ဒထုတ်ဖော်မှုများ အားကောင်းကောင်းဖြင့် ရှိနေဆဲ ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ပြည်နယ်နေရာအနှံ့နီးပါး၌ ကိုဗစ်ကြောင့် ဆန္ဒပြမှုများ မရှိသလောက်ဖြစ်နေပြီး ပြည်နယ်တွင်း အခြားမြို့များတွင် လုယက် မှုများ ပိုတိုးလာလျက်ရှိသည်။ 

• စစ်အုပ်စုက နိုင်ငံတကာတွင် တရားဝင်မှု ရရေးနှင့် ဖိအားလျှော့ချရေးအတွက် အကျဉ်းသားများ ပြန်လွှတ်ပေးနေသော်လည်း တစ်ဖက်တွင် ဆန္ဒပြမှုများအား အင်အားသုံး ဖြိုခွင်းမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။ ငါးလကျော် ကြာမြင့်လာ သည့် စစ်အုပ်ချုပ်ရေးကာလတွင် စီးပွားရေးကျဆင်းလာနေကာ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းအချို့ ပိတ်သိမ်းကုန် ပြီ ဖြစ်သည်။ စစ်အုပ်စုတွင် ကိုဗစ်တတိယလှိုင်းကူးစက်မှု မြင့်မားလာမှုကြောင့် ဖိအားရှိနေကာ ပျံ့နှံ့မှုအား မထိန်းချုပ်နိုင်သည့်အတွက် ကူးစက်မှုများ ပိုတိုးလာနေလျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly