ဘင်္ဂလားဒေ့ရှ်မှာ ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်မှာ ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရ
Photo - AFP

ဇွန် ၂၉

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇွန်လ ၂၇ ရက်က  သုံးထပ်အဆောက်အအုံတစ်ခုမှာ အင်အားပြင်း ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး အခြား လူ ၅၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုက ပေါက်ကွဲမှု ဖြစ်စေခဲ့တဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့လည်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ အင်မတန် ပြင်းထန်ကြောင်းနဲ့ ယင်းပေါက်ကွဲမှုကြောင့် အနီးအနားမှာ ဖြတ်သန်းသွားလာခဲ့တဲ့ ဘတ်စ်ကား လေးစီးထက်မနည်းရဲ့ မှန်တွေ ကွဲကြေခဲ့သလို ကားပေါ်ပါ ခရီးသည် ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး ခုနစ်ဦး သေဆုံးတယ်လို့ ဒါကာ ရဲချုပ် ရှာဖီကာ ရာမန်က ပြောခဲ့ပါတယ်။ ဒါပေမယ့် မီးသတ်တပ်ဖွဲ့ကတော့ သေဆုံးသူ သုံးဦးဆိုပြီး ပြောထားခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရသူအယောက် ၅၀ လောက် ရှိတယ်လို့ ရဲနဲ့ မီးသတ်တပ်ဖွဲ့တို့က ပြောပါတယ်။

"မီးသတ်တပ်ဖွဲ့၀င်တွေ ဖြစ်ပွားရာနေရာမှာ ရောက်နေပါတယ်၊ ပေါက်ကွဲမှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးပါလိမ့်မယ်၊ ဒါပေမယ့် ကနဦး ကျွန်တော်တို့ ယူဆထားတာကတော့ မီသိန်း ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မြေညီထပ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ယူဆထားပါတယ်" လို့ ဒါကာ မက်ထရိုပိုလစ်တန် ရဲဌာန တွဲဖက်ရဲမင်းကြီး ဆိုင်ယက်ဒ် နာရူလ် အစ္စလမ်က အေအက်ဖ်ပီကို ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ ပြစ်မှုမြောက်တဲ့ မရိုးသားမှုတစ်ခုကြောင့် ဖြစ်တာမျိုး မဟုတ်နိုင်ကြောင်း ၎င်းက ပြောခဲ့သလို ဘင်္ဂလား‌ဒေ့ရှ် မြို့တော်မှာ မကြာသေးတဲ့နှစ်တွေအတွင်း အလားတူ ပေါက်ကွဲမှုတွေကို မြင်တွေ့ထားခဲ့ရကြောင်း ပြောသွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်၊ အီလက်ထရောနစ် အရောင်းဆိုင်တစ်ဆိုင်နဲ့ အခြားစျေးဆိုင်တွေ ရှိနေတဲ့ အဆောက်အအုံကိုလည်း ထိခိုက်ပျက်စီးစေခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ‌အဆောက်အအုံရဲ့ ကပ်လျက် အဆောက်အအုံ အနည်းဆုံးနှစ်ခုလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ တာ၀န်ရှိသူတွေဘက်က  စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly