၂၀၁၉ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များ ဖမ်းဆီးထားသော တိဘက်ပညာရှင်၏ အမှုကို မစစ်ဆေးရသေး

By ANI
23 June 2021
၂၀၁၉ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များ ဖမ်းဆီးထားသော တိဘက်ပညာရှင်၏ အမှုကို မစစ်ဆေးရသေး

မရေရာသည့် စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်ကတည်း တရုတ်အာဏာပိုင်များက ဖမ်းဆီးထားသည့် တိဘက်ပညာရှင်ကို တရားစွဲဆိုခြင်း မရှိသေးသောကြောင့် ၎င်း၏ အခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက မသိရဘဲဖြစ်နေကြောင်း တိဘက်ဒေသမှ သတင်းရင်းမြစ်များက ပြောကြားသည်။

ကလောင်နာမည် ဒီလာဒန်၊ အမည်ရင်း လော့ဆန်လန်ဒပ် ဆိုသည် စာရေးဆရာသည် တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော်ချန်ဒူရှိ ပုဂ္ဂလိက ယဉ်ကျေးမှုပညာရေးစင်တာတွင် အလုပ်လုပ်နေစဉ် ၂၀၁၉ ခုနှစ်၊ ဇွန်လက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု သတင်းရင်းမြစ်ကို ကိုးကား၍ Radio Free Asia (RFA) မှ သတင်းဖော်ပြခဲ့သည်။

“တစ်စုံတစ်ယောက်က ယဉ်ကျေးမှုဌာနရဲ့ ပိုင်ရှင်ကို သူသုံးနေတဲ့ သင်ထောက်ကူပစ္စည်းတွေအကြောင်း ပြောလိုက်လို့ ဖမ်းဆီးခံလိုက်ရတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။

“ လော့ဆန် လန်ဒပ်က ဖော်ရွေသူဖြစ်ပြီး လူတော်တော်များများနဲ့လဲ သိပါတယ်။ သူငယ်ချင်းတွေက သူ့ကိုလွှတ်ပေးဖို့ မျှော်လင့်ချက်နဲ့ သူ့အကြောင်းကို အခုထိမပြောကြပါဘူး” ဟု သူက ထပ်လောင်းဆိုသည်။

လန်ဒပ်၏ အမှုကို စစ်ဆေးရန် ကြန့်ကြာနေဆဲဖြစ်ပြီး သူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ထပ်မံမသိရှိရသေးဘဲသလို မည်သူနှင့်မျှတွေ့ဆုံခွင့်မပြုကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

လန်ဒပ်သည် ၁၉၈၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး စီချွမ်ပြည်နယ်ရှိ ဂိုလော့ဂ်တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ ပီမာခရိုင်မှဖြစ်သည်။

သူသည် အသက် ၁၁ နှစ်တွင် ဘုန်းတော်ကြီးတစ်ပါးဖြစ်လာပြီး စီချွမ်ပြည်နယ်၊ လာရမ်ဂါ တိဘက်ဗုဒ္ဓဘာသာ အကယ်ဒမီတွင် ပညာသင်ခဲ့သည်။ ထိုကျောင်းမှ ထောင်ပေါင်းများစွာသော နယ်ခံဘုန်းတော်ကြီးများနှင့် သီလရှင်များကိုနောက်ပိုင်းတွင် တရုတ်အာဏာပိုင်များက နှင်ထုတ်ခဲ့သည်။

လန်ဒပ်က တိဘက်ဒေသအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ်က တိဘက်ဒေသတွင် တရုတ်အစိုးရ၏ မူဝါဒနှင့် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဒေသအနှံ့ ဆန္ဒပြပွဲများအကြောင်းကို စာအုပ်များ ရေးသားထုတ်ဝေခဲ့ သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly