‘တရုတ် တစ်နိုင်ငံတည်း’ မူ၀ါဒ ဂယက်ကြောင့် ထိုင်၀မ်က ဟောင်ကောင်ရှိ ရုံးလုပ်ငန်းများကို ချိန်ညှိပြင်ဆင်သွားမည်

‘တရုတ် တစ်နိုင်ငံတည်း’ မူ၀ါဒ ဂယက်ကြောင့် ထိုင်၀မ်က ဟောင်ကောင်ရှိ ရုံးလုပ်ငန်းများကို ချိန်ညှိပြင်ဆင်သွားမည်

ထိုင်၀မ်အစိုးရသည် ဟောင်ကောင်ရှိ ယင်း၏ ရုံး လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုများကို ပြန်လည် ချိန်ညှိပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ထိုမတိုင်မီက တရုတ် တစ်နိုင်ငံတည်း မူ၀ါဒ အောက်တွင် ထိုင်၀မ်သည် ယင်း၏အပိုင်ဖြစ်သည်ဆိုသော ပေကျင်း၏ ပြောကြားချက်ကို လက်ခံထောက်ခံကြောင်း ပြသသည့် စာရွက်စာတမ်းတစ်ခုကို ထိုင်၀မ်အရာရှိများ လက်မှတ်ထိုးစေရေးအတွက် ဟောင်ကောင်ရှိ အာဏာပိုင်များက တောင်းဆိုမှုများ လုပ်ဆောင်ထားခဲ့သည်။

ထိုင်၀မ်သည် ဟောင်ကောင်၌ တရုတ်ပြဋ္ဌာန်းသည့် လုံခြုံရေးဥပဒေတစ်ရပ်အပေါ် ပယ်ပယ်နယ်နယ် ဝေဖန်ခြင်း၊ တရုတ်နှင့် နိုင်ငံရေးအမြင်ကွဲလွဲဆန့်ကျင်သည့် ဟောင်ကောင်သားများကို ထိုင်၀မ်ကျွန်းသို့ လာရောက်စေရေး စတင် ကြိုဆိုခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း တရုတ်အုပ်ချုပ်သည့် ဟောင်ကောင်သည် တိုင်ပေနှင့် ပေကျင်းအကြား အငြင်းပွားမှု၏ နောက်ထပ် အရင်းခံ အကြောင်းတရားတစ်ခု ဖြစ်လာခဲ့သည်။

ထိုင်၀မ်၏ ပြည်မကြီးရေးရာ ကောင်စီက ဇွန်လ ၂၀ ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာတွင် ၂၀၁၈ ဇူလိုင်လနောက်ပိုင်း ဟောင်ကောင်အစိုးရသည် မိမိတို့၏ ဟောင်ကောင်ရုံး၏ ၀န်ထမ်းဗီဇာများအတွက် မလျော်ကန်သော နိုင်ငံရေးအခြေအနေများကို ထပ်တလဲလဲ ချမှတ်ဖန်တီးခဲ့ကြောင်းနှင့် ‘တရုတ်တစ်နိုင်ငံတည်း မူ၀ါဒ ကတိပြုချက် စာ’ တစ်စောင်ကိုလည်း လက်မှတ်ထိုးရန် တောင်းဆိုနေခဲ့ကြောင်း ပြောခဲ့သည်။

ယင်းအတွက်ကြောင့် ရုံးအတွက် အမှုထမ်းများကို အဆိုပါနေရာတွင် နေထိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ ရာထူးတာ၀န်များတွင် ရယူလုပ်ကိုင်ခြင်းကနေ အတားအဆီးဖြစ်ထားစေခဲ့သည်ဟု ယင်းက ပြောသည်။

“ဇွန်လ ၂၁ ရက်ကနေစပြီးတော့ ဟောင်ကောင်မှာရှိတဲ့ ရုံးမှာ လုပ်ငန်းစီမံကိုင်တွယ်မှုဆိုင်ရာ လုပ်နည်းကိုင်နည်းတွေကို ချိန်ညှိပြုပြင်မှာ ဖြစ်ပါတယ်” ဟု ကောင်စီက ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ ယင်းက ထုတ်ပြန်ခြင်း မရှိပေ။ သို့သော် ရုံးအနေဖြင့် ‘လိုအပ်သော လုပ်ငန်းလည်ပတ်မှုများ’ ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ယင်းက ပြောသည်။

ထိုင်၀မ် အမှုထမ်းများအနေဖြင့် “တရုတ်တစ်နိုင်ငံတည်း မူ” နှင့်ပတ်သက်သည့် မည်သည့်စာကိုမှ လက်မှတ်ထိုးမည်မဟုတ်ဟု ယင်းက ဖြည့်စွက်ပြောသည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်၀မ်ကို တရုတ်က ယင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ပြီး အဆိုပါ ကျွန်းကို ယင်း၏ထိန်းချုပ်မှုအောက် ရောက်စေရန် အင်အားသုံး လုပ်ဆောင်မည် ဆိုသည့် ရည်ရွယ်ချက်ကို မည်သည့်အခါမှ စွန့်ပယ်ထားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်လက ဟောင်ကောင်သည် ယင်း၏ ထိုင်၀မ် ကိုယ်စားလှယ်ရုံးရှိ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး “အကြမ်းဖက်” ဆန္ဒပြသူများကို ကူညီပေးမည်ဆိုသည့် ကမ်းလှမ်းမှုအပါအ၀င် ပြည်တွင်းရေးကိစ္စတွင် ထိုင်၀မ်ဘက်က အလွန်အကျွံ ၀င်ရောက်စွက်ဖက်ထားခဲ့သည်ဟု ဟောင်ကောင်က စွပ်စွဲခဲ့ရာ ထိုစွပ်စွဲချက်ကို ထိုင်၀မ်က ပယ်ချထားခဲ့သည်။

ဇွန်လ ၁၆ ရက်တွင်လည်း မကာအို အစိုးရသည် ဟောင်ကောင်အတိုင်း လိုက်လုပ်ခဲ့ပြီး ယင်းအနေဖြင့် ထိုင်၀မ်ရှိ ယင်း၏ ကိုယ်စားလှယ်ရုံး လုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly