ဟောင်ကောင် Apple Daily သတင်းစာထုတ်ဝေမှု ရက်ပိုင်းအတွင်း ရပ်နားတော့မည်

ဟောင်ကောင် Apple Daily သတင်းစာထုတ်ဝေမှု ရက်ပိုင်းအတွင်း ရပ်နားတော့မည်
Photo - AFP

ဇွန် ၂၃

ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသော သတင်းစာ Apple Daily သည် ယင်း၏ နောက်ဆုံးသော ထုတ်ဝေမှုကို လာမည့် စနေနေ့တွင် နောက်ဆုံး ပုံနှိပ်သွားမည်ဖြစ်ပြီး ယင်းနောက် သတင်းစာထုတ်ဝေမှုကို ပိတ်သိမ်းရပ်နားတော့မည်ဖြစ်ကြောင်း လုပ်ငန်းအကြီးအကဲများက ဇွန်လ ၂၃ ရက်တွင် အတည်ပြုသည်။

ထိုမတိုင်မီက ရဲတပ်ဖွဲ့က အမျိုးသားလုံခြုံရေးဥပဒေသစ်တစ်ရပ်ကို အသုံးပြုပြီး သတင်းစာလုပ်ငန်း၏ ဘဏ္ဍာငွေစာရင်းများကို ပိတ်ခဲ့သလို အမှုထမ်းများကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

Apple Daily သည် ဟောင်ကောင်၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့သလို တရုတ်၏ အာဏာရှင်ဆန်သော ခေါင်းဆောင်များကို ထေ့‌ငေါ့ ဝေဖန်မှုများ ရှိခဲ့ရာ ပေကျင်းအာဏာပိုင်တို့အတွက် ဆူးငြှောင့်ခလုတ်တစ်ခုအဖြစ် ကာလကြာကတည်းက ရှိနေခဲ့သည်။

အာဏာပိုင်များသည် အဆိုပါ သတင်းစာကို ရေငုံနှုတ်ပိတ်နေစေလိုသည့် ဆန္ဒကို ဖုံးကွယ်လျို့၀ှက်မထားခဲ့ဘဲ ယင်းအကြံအစည်ကို အထမြောက်စေရန် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို အသုံးပြုခဲ့သည်။

ယင်း၏ ပိုင်ရှင် ဂျင်မီ လိုင်သည်လည်း အကျဥ်းထောင်ထဲတွင် ရှိနေပြီး ယမန်နှစ်က ပြဋ္ဌာန်းထားခဲ့သည့် အမျိုးသားလုံခြုံ‌ရေး ဥပဒေအောက်တွင် ပထမဆုံး စွဲချက်တင်ခံရသူများထဲတွင် ပါ၀င်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဏာပိုင်တို့သည် လုံခြုံရေးဥပဒေကို အသုံးချလျက် သတင်းစာတိုက်၏ သတင်းခန်းကို ၀င်စီးခဲ့ပြီး အမှုထမ်း ခြောက်ဦးကို ဖမ်းဆီးကာ ပိုင်ဆိုင်မှုများကို ပိတ်ခဲ့သည်။

ဇွန်လ ၂၃ ရက်တွင် Apple Daily ၏ မိခင်ကုမ္ပဏီ Next Digital ၏ ဘုတ်အဖွဲ့၀င်များက ၂၆ နှစ်တာ သက်တမ်းရှိ သတင်းစာကို လာမည့် စနေနေ့ထက် နောက်မကျဘဲ နောက်ဆုံးပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး ယင်းနေ့ ည ၁၁ နာရီ ၅၉ မိနစ်တွင် ယင်း၏ ၀က်ဘ်ဆိုဒ်ကို ပိတ်တော့မည်ဖြစ်ကြောင်း အတည်ပြုသွားခဲ့သည်။

ဟောင်ကောင်တွင် အရွယ်အစား ကြီးမားပြီး ရံဖန်ရံခါ ပြင်းထန်ကြမ်းတမ်းသည့် ဒီမိုကရေစီ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အမြင်သဘောထားကွဲလွဲဆန့်ကျင်သူများကို ဖိနှိပ်ရန် တရုတ်အစိုးရက ယမန်နှစ်က အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required