ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် အစ္စရေးဝန်ကြီးချုပ် သတိပေး 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် အစ္စရေးဝန်ကြီးချုပ် သတိပေး 
Photo - AFP

ဇွန် ၂၃

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ဖြစ်ပွားမှုတွေအတွက် ဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အင်္ဂါနေ့မှာ သတိပေးပြောဆိုလာပါတယ်။ 

ကူးစက်မြန် Delta ဗိုင်းရပ်စ်မျိုးကွဲ သယ်ဆောင်ထားသူ ခရီးသွားသူတွေ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိတဲ့ ကူးစက်မှုမြင့်တက်မှုကို ကြုံရပြီးနောက်မှာ သတိပေးလာတာလည်း ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ ရည်မှန်းချက်က ဒီလို အစပျိုးလာပြန်တာကို အဆုံးသတ်ဖို့ပါပဲ၊ မီးတောက် ငယ်လေးကတည်းက ရေနဲ့ ငြိမ်းအောင် လောင်းသတ်ရမှာ ဖြစ်တယ်”လို့ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ တိုးချဲ့သွားမယ်လို့ အစိုးရက ကြေညာထားတဲ့ ဘန်ဂူရီယံလေဆိပ်မှာ ဘန်းနက်က ဆိုပါတယ်။ 

အစ္စရေးနိုင်ငံမှာ တနင်္လာနေ့က ကူးစက်မှုသစ် ၁၂၅ ဦးရှိပြီး ဧပြီလကစလို့ တစ်နေ့တာ အများဆုံး ကူးစက်နှုန်းလည်း ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်မကဟာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးထားတာပဲ ဖြစ်ပါတယ်။ 

နိုင်ငံမှာ ကူးစက်မှုနှုန်း အထွဋ်အထိပ်ကာလ ဇန်နဝါရီလအတွင်းကဆိုရင် နေ့စဉ်ကူးစက်နှုန်း တစ်သောင်းနီးပါး စံချိန်တင် ရှိခဲ့တာပါ။ 

မကြာသေးတဲ့အချိန်က ကူးစက်မှု ပြန်မြင့်တက်လာတာဟာ ပြည်ပကနေ ဝင်ရောက်လာဖွယ်ရှိတဲ့ ကူးစက်မြန် Delta ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပုံရတယ်လို့ ဘန်းနက်က ပြောပါတယ်။ 

တဲလ်အဗစ်မြို့တော် မြောက်ပိုင်း ဘင်ယာမီနာမြို့က ကူးစက်ဖြစ်ပွားမှုမှာ လူ ၁၀၀၀ ကျော်ထက်မနည်းကို ကွာရန်တင်း ချထားရပြီး ဆိုင်းပရပ်စ်နိုင်ငံကနေ ပြန်လာကြတဲ့ ခရီးသွားတွေကြောင့် ဖြစ်ရဟန်ရှိတယ်လို့ သူက ဆိုပါတယ်။ 

“ဘယ်သူဖြစ်ဖြစ် ပြည်ပသွားဖို့ မလုပ်ကြပါနဲ့၊ ကျေးဇူးပြုပြီး မသွားကြပါနဲ့”ဆိုပြီး ဘန်းနက်က ပြောပါတယ်။ 

အစ္စရေးနိုင်ငံဟာ နိုင်ငံသားမဟုတ်သူတွေကို ပြည်ဝင်ခွင့် တင်းကြပ်စွာ ပိတ်ထားဆဲနိုင်ငံလည်း ဖြစ်ပါတယ်။ 

အခု ကြုံလာပြန်တဲ့ ကူးစက်မှု ပြန်လည်မြင့်တက်တဲ့ စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ‘ကိုရိုနာကက်ဘိနက်’ အစည်းအဝေး ကျင်းပနေတယ်လို့ အခုလ အစောပိုင်းက နေတန်ယာဟုကို ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားအနိုင်ရခဲ့တဲ့ ဘန်းနက်က ပြောပါတယ်။ 

“ကူးစက်မှုသစ်တွေ ဖြစ်လာချိန်မှာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျွန်တော်တို့ ကနဦး ဆုံးဖြတ်ချက်ကို သဘောတူနိုင်ခဲ့ပါတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required